ဒီကစားသမားလေးကို ဂျူဗင်တပ်စ်က ချက်ချင်းဆိုသလို ကမ်းလှမ်းခဲ့တာပါ။

ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး မေဆင်ဂရင်းဝုဒ်ဟာ သူ့ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းခံခဲ့ရတာတောင်မှ ယူနိုက်တက်ကို မစွန့်ခွာခဲ့ဘူးလို့ သိရှိရပါတယ်။ ဂရင်းဝုဒ်ဟာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားတယောက်ဖြစ်ပြီး ဆိုးလ်ရှား စင်တင်ပေးခဲ့တဲ့ အင်္ဂလန် ကြယ်ပွင့် ကစားသမားလေးပါ။



(၂၀၁၉) က PSG ကို အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ်မှာ ဂရင်းဝုဒ်က ယူနိုက်တက် အသင်းကြီးအတွက် ပထမဆုံးပါဝင်ကစားခွင့်ရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ပုံမှန်ပွဲထွက်ခွင့်နေရာအတွက် အပြိုင်အဆိုင်ဖြစ်နေပါပြီ။ ဒီလိုမျိုး ခြေစွမ်းခြေစရှိတဲ့ ဂရင်းဝုဒ်ကို စီးရီးအေအသင်းကြီးတသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်က ချက်ချင်းမျက်စိကျခဲ့ပြီး ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုက အဲ့ဒီအချိန်က အသက် (၁၈) နှစ်အရွယ် ဂရင်းဝုဒ်ရဲ့ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့အထိ ငွေကြေးပမာဏများပြားခဲ့ပြီး ယူနိုက်တက်ထံလည်း တရားဝင်ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ထိန်းနိုင်ခဲ့ပြီး ဂရင်းဝုဒ်ကလည်း ယူနိုက်တက်နဲ့ (၄) နှစ် သက်တမ်းရှိ စာချုပ်သစ်တရပ်ကို ချုပ်ဆိုခဲ့တာပါ။

လက်ရှိအချိန်မှာ အသက် (၂၀) အရွယ်ရှိပြီဖြစ်လာတဲ့ ဒီတိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၀) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဒီရာသီအစ၊ ရော်နယ်ဒိုမရောက်ခင်မှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းပိုင်းက အနည်းငယ်ကျဆင်းလာခဲ့ပေမယ့် လက်ရှိနည်းပြ ရန်းနစ်ဂ်ရဲ့ ပထမဆုံးချန်ပီယံလိဂ်ပွဲမှာတော့ လှပတဲ့ ဘိုင်စကယ်ကန်ချက်နဲ့ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ်ကို ခေါ်ယူဖို့ လက်ရှိအချိန်မှာ အာဆင်နယ်က မျက်စိကျနေတယ်လို့ဆိုကြပေမယ့် ယူနိုက်တက်အတွက်ကတော့ သူတို့အတွက် အဖိုးတန်တဲ့ ဒီကြယ်ပွင့်လေးကို လက်လွှတ်သွားဖွယ်မရှိသေးပါဘူး။ 

Share

က္က