အခြေအနေပေါ် မူတည်ပြီး ယာဉ်မောင်းကိုယ်တိုင် ကားငှားခနှုန်းထား သတ်မှတ်နိုင်မယ့် စနစ်တစ်မျိုးကို Uber ကုမ္ပဏီဟာ ကယ်လီဖိုးနီးယားမှာ စတင်စမ်းသပ်နေပါတယ်။
The Wall Street Journal သတင်းအရ ဒီ feature ဟာ ယာဉ်မောင်းတွေကို Uber က သတ်မှတ်ထားတဲ့ မူရင်းဈေးထက် ၅ ဆအထိ တိုးတောင်းဖို့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ Uber ရဲ့ ဒီအစီအစဉ်ကို ဆန်တာ ဘာဘရာ ၊ ဆက်ခရာမန်တိုနဲ့ ပန်လ်စပရင်းစ်တို့မှာ ရှိတဲ့ လေဆိပ် သုံးခုမှာ စတင် စမ်းသပ်နေတာပါ။
Photo: The Wall Street Journal
အင်္ဂါနေ့ မနက်ပိုင်းက စပြီး စနစ်သစ်နဲ့ စမ်းသပ်မှုလုပ်နေတဲ့ လေဆိပ် သုံးနေရာမှာ Uber ယာဉ်မောင်းတွေဟာ Uber ရဲ့ မူရင်းဈေးနဲ့လည်း လိုက်နိုင်သလို ၁၀% စီတိုးပြီး ၅ ဆအထိ တိုးတောင်းနိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ပတ်မှာတော့ ယာဉ်မောင်းတွေဟာ ကားငှားခကို Uber ရဲ့ မူရင်းဈေးထက် လျှော့ပြီးလည်း ဈေးသတ်မှတ်နိုင်မှာပါ။
ဒီ feature သစ်ဟာ ကားခပိုလျှော့ထားတဲ့သူကို ငှားစီးသူ ပိုလာစေမယ့် ဈေးပြိုင်စနစ်ပေါ် အခြေခံထားတာပါ။ ခရီးသည်ဟာ ဈေးအနည်းဆုံး သတ်မှတ်ထားတဲ့ ကားကို အရင်ဆုံး app မှာ မြင်ရမှာ ဖြစ်ပြီး ယာဉ်မောင်းဘက်က ခရီးစဉ် ဖျက်မှသာ နောက်ထပ် ဈေးပိုကြီးတဲ့ ကားကို တွေ့ရမှာ ဖြစ်ပါတယ်။ Uber ဟာ ဒီစနစ်ရဲ့ အလုပ်ဖြစ်မှုကို စောင့်ကြည့်နေပြီး အဆင်ပြေတယ်ဆိုရင်တော့ လော့စ်အိန်ဂျလိစ် ၊ ဆန်ဖရန်စစ္စကို တို့လို ပိုကြီးတဲ့ ဈေးကွက်တွေမှာ မိတ်ဆက်သွားဖို့လည်း ရှိနေပါတယ်။
Photo: knowtechie
Uber အနေနဲ့ ကယ်လီဖိုးနီးယားရဲ့ အလွတ်တန်းချိတ်ဆက်အလုပ်သမားရေးရာ ဥပဒေသစ် AB5 စက်ကွင်းကနေ ရှောင်ရှားဖို့ အပြောင်းအလဲ လုပ်လာတာ ဖြစ်ပါတယ်။ Gig-work ဥပဒေသစ်အရ Uber နဲ့ Lyft တို့နဲ့ ချိတ်ဆက်ပြီး အငှားကားမောင်းနေကြတဲ့ ယာဉ်မောင်းတွေဟာ ပုံမှန်ရုံးချိန်ပြည့် ကုမ္ပဏီဝန်ထမ်းတွအဖြစ် ခန့်အပ်ရတော့မယ်လို့ ပြဌာန်းထားပါတယ်။
အငှားယာဉ်မောင်းတွေကို ဝန်ထမ်းအဖြစ် သတ်မှတ်တဲ့ အလားတူ ဥပဒေမျိုးကို နယူးယော့ခ် ၊ အော်ရီဂွန်ပြည်နယ်နဲ့ ဝါရှင်တန်ပြည်နယ်တို့မှာလည်း ပြဌာန်းသွားဖို့ ရှိပြီး ဒီဥပဒေဟာ Ride-Hailing ကုမ္ပဏီတွေပေါ် အကြီးအကျယ် သက်ရောက်ဖို့ ရှိပါတယ်။