အက်စတွန်ဗီလာနည်းပြ ဂျရတ်ကတော့ သူ့ရဲ့ အမာခံပွဲထွက်လူစာရင်းလို့ဆိုရမယ့် ကစားသမားတွေကိုပဲ အဓိက အသုံးပြုခဲ့ပါတယ်။ ဂိုးသမား မာတီနက်ဇ်၊ နောက်တန်းမှာ ကက်ချ်၊ ကွန်ဆာ၊ တိုင်ယွန်မင့်စ်၊ အက်ရှ်လေယန်း၊ ကွင်းလယ်မှာ မက်ဂင်း၊ ဒေါက်ဂလပ်စ်လုဇ်၊ ဂျာကော့ဘ်ရမ်ဆေး၊ တိုက်စစ်မှာ ဘွမ်ဒီယာ၊ ကော်တင်ဟိုနဲ့ ဝက်ကင်စ်တို့ ပွဲထွက်ခဲ့ပါတယ်။
အာဆင်နယ်ကတော့ ဂိုးသမား ရမ်စ်ဒေးလ်နဲ့ တိုက်စစ်က မာတီနယ်လီတို့ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ သမား လီနို၊ နောက်တန်းမှာ ဆီဒရစ်၊ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ တီယာနေး၊ ကွင်းလယ်မှာ ချာကာ၊ ပါတေး၊ အိုဒီဂတ်၊ စမစ်ရိုး၊ ဆာကာနဲ့ အထောင်တိုက်စစ်မှူး နေရာမှာတော့ လာကာဇက်တို့ ပွဲထွက်ခဲ့ပါတယ်။
အက်စတွန်ဗီလာရဲ့ ကစားပုံက တော်တော်လေးကြမ်းတမ်းခဲ့ပြီး ပထမပိုင်းမှာတင် နှစ်သင်းပေါင်း အဝါကတ် (၄) ကတ်အထိရှိခဲ့ပါတယ်။ တိုင်ယွန်မင့်စ် ဘောလုံးဖျက်ထုတ်ရင်း ချော်ထွက်သွားခဲ့တဲ့ဖြစ်ရပ်မှာ ဆာကာ ခြေထောက်မကျိုးခဲ့တာလည်း ကံကောင်းခဲ့ပါတယ်။ အခွင့်အရေးဖန်တီးမှုပိုင်းနဲ့ ဂိုးပေါက်ကန်သွင်းခွင့်ပိုင်းမှာတော့ အာဆင်နယ်တို့ အသာရခဲ့ပါတယ်။
အာဆင်နယ်အတွက် တလုံးတည်းသော သွင်းဂိုးကိုတော့ ဆာကာက ပွဲကစားချိန် (၂၉) မိနစ်မှာ ဧရိယာထိပ်ကနေ ကန်သွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးက အာဆင်နယ်အတွက် ပရီးမီးယားလိဂ်သမိုင်းမှာ (၂,၀၀၀) ပြည့် သွင်းဂိုးအရေအတွက်လည်း ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အက်စတွန်ဗီလာတို့ ချေပဂိုးရဖို့ ကစားကွက် ပြန်စီးလာခဲ့ပြီး အာဆင်နယ်တို့ ရုန်းကန်ခဲ့ရပါတယ်။
အက်စတွန်ဗီလာက လီယွန်ဘိုင်လီ၊ ထရာအိုရေးနဲ့ ဒန်နီအင့်စ်တို့ လူစားဝင်ခဲ့ပြီး ဒန်နီအင့်စ်ရဲ့ ခေါင်းတိုက်ချက်တကြိမ်ကလည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။ အာဆင်နယ်ကလည်း ပီပီ၊ အန်ကီတီယာ၊ ဟိုးလ်ဒင်းတို့နဲ့အတူ အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် ဂိုးတော့ ထပ်မရခဲ့ပါဘူး။
အက်စတွန်ဗီလာတို့ ဝက်ကင်စ်ရဲ့ကန်ချက် တိုင်ထိထွက်ခဲ့သလို အခြားသော အခွင့်အရေးဖန်တီးမှုပိုင်းတွေမှာလည်း အားနည်းခဲ့တာကြောင့်ပွဲပြီးတဲ့အထိ ချေပဂိုးမရရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။ အာဆင်နယ်ကတော့ လီဗာပူးနဲ့ပွဲ အရှုံးကနေ အမြန်ဆုံးပြန်လည်ရုန်းထလာနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းနေဆဲလည်းဖြစ်ပါတယ်။