လုခ်ရှောကတော့ ယုံကြည်ချက် အပြည့်နဲ့ကို ဖွင့်ပြောလာတာပါ။

ယူနိုက်တက် နောက်ခံလူ လုခ်ရှောက အသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်ဆိုတာ ယုံကြည်ချက်အပြည့်ရှိတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ လုခ်ရှောက သူတင်မဟုတ်ဘဲ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းဝန်ထမ်းတွေအားလုံး ဒီလိုမျိုး ယုံကြည်ထားတယ်လို့လည်း ဆိုပါတယ်။



 

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ စပိန်ကလပ် အက်သလက်တီကိုနဲ့ ထိပ်တိုက်တွေ့နေပြီး လာမယ့်အပတ်မှာတော့ ပထမအကျော့ပွဲစဥ်အဖြစ် အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အခု ချန်ပီယံလိဂ်ဖလားက ဒီရာသီမှာ ယူနိုက်တက်တို့ မျှော်လင့်နိုင်တဲ့ နောက်ဆုံးလက်ကျန် တခုတည်းသောဆုဖလားဆိုလည်း မမှားပါဘူး။

 

အဲ့ဒါကြောင့်လည်း လုခ်ရှောက “အခုလို အချိန်မျိုးက ဘောလုံးရာသီတခုအတွက် ကျပ်တည်းတဲ့ အချိန်ကာလတခုပါ။ နောက်ပြီး ပြည်တွင်းမှာလည်း အရှိန်အဟုန်တခုရနိုင်ဖို့ အရမ်းကို အရေးကြီးနေပါပြီ။ အသင်းလိုက်အနေနဲ့ ကျနော်တို့က ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ အပြင်လူအများစုကလည်း ဒီလိုတွေးမှာ မဟုတ်ပါဘူး”

 

“အချို့ဆိုရင် ကျနော် ဒီလိုပြောလို့ ရူးနေတယ်တောင် ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ ယုံကြည်ချက်အပြည့်ပါပဲ။ အဝတ်လဲခန်းထဲမှာရှိတဲ့ လူတိုင်း၊ ကစားသမားတိုင်း၊ အသင်းဝန်ထမ်းတိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းကလည်း ကျနော်တို့ လုပ်နိုင်မယ်ဆိုတာကို ယုံကြည်ထားပါတယ်”

 

“အခု ကျနော်တို့က အရှိန်အဟုန်တခုရအောင် လုပ်ရမယ်၊ ပြီးရင် ရလဒ်ကောင်းထွက်ရအောင် ကြိုးစားရမယ်၊ ဒီအတွက် ကောင်းကောင်းကစားနိုင်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရှုံးထွက်ပွဲစဥ်တွေမစခင် သတ်မှတ်ချက်တွေအရ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဖလားဆွတ်ခူးဖို့ အခွင့်အရေး တော်တော်လေးနည်းပါးနေပြီး ဗိုလ်စွဲနိုင်ခြေက (၁) ရာခိုင်နှုန်းတောင် မရှိဘူးလို့ သိရှိရပါတယ်။

 

ယူနိုက်တက်ဟာ (၂၀၁၇) မှာ ယူရိုပါလိဂ်ဖလားကို နောက်ဆုံးဆွတ်ခူးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် ဗီလာရီးရဲယ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က