ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားမှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်း မတော်တဆမှုမှာ သေဆုံးခဲ့တဲ့ မိုင်းတွင်းလုပ်သား အရေအတွက် ၅၂ ဦးအထိ မြင့်တက်လာပြီး ဆယ်စုနှစ်တစ်ခုအတွင်း အရုရှားမိုင်းတွင်းလုပ်ငန်းမှာ ဆိုးဆုံး ဘေးအန္တရာယ်ဖြစ်မှုလို့ ဆိုပါတယ်။
(Photo: AP)
အစောပိုင်းမှာ မိုင်းတွင်းမတော်တဆမှုကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ကြာင်း အတည်ပြုထားခဲ့ပေမဲ့ ပေါက်ကွဲမှုဖြစ်နိုင်တဲ့ အန္တရာယ်ကြောင့် မြေအောက်မှာပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ငန်း ဆိုင်းငံ့ထားခဲ့ရပြီးနောက် သေဆုံးသူဦးရေ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဆိုက်ဘေးရီးယားရှိ နှင်းဖုံးနေတဲ့ Kemerovo နယ်မြေရှိ Listvyazhnaya မိုင်းတွင်းရဲ့ လေဝင်လေထွက်ပေါက် ပိုက်လိုင်းအတွင်း ကျောက်မီးသွေးအမှုန်များ မီးစွဲလောင်ခဲ့မှု ယနေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့ပြီး မိုင်းတွင်းထဲမှာ မီးခိုးများပြည့်သွားခဲ့တယ်လို့ TASS သတင်းဌာနက ဒေသခံ အရေးပေါ်ဌာနကို ကိုးကားပြီး ဖော်ပြပါတယ်။
"ပေါက်ကွဲမှုဖြစ်နိုင်ခြေ အများကြီးရှိတယ်၊ မိုင်းတွင်းထဲမှာ ဓာတ်ငွေ့အခြေအနေ လျော့ကျသွားတဲ့အထိ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းထားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်" လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Sergei Tsivilev က ပြောပါတယ်။ Methane နဲ့ CO2 ပမာဏဟာ အန္တရယ်ရှိတဲ့အဆင့် မြင့်တက်နေကြောင်း ၎င်းကဆိုပါတယ်။
(Photo: Reuters)
အဆိုပါ မိုင်းတွင်းမတော်တဆမှုမှာ လူ ၁၁ ဦး သေဆုံးခဲ့ပြီး အခြား ၃၅ ဦးက မြေအောက်မှာ ပိတ်မိနေဆဲဖြစ်တယ်လို့ Sergei Tsivilev က အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။ ဒဏ်ရာသူတွေလည်း ဒါဇင်နဲ့ချီရှိခဲ့ပြီး ဆေးရုံမှာ ကုသပေးနေကြောင်းနဲ့ ၎င်းတို့အနက် အနည်းဆုံး တစ်ဦးက မီးခိုးအဆိပ်သင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ ကုသပေးနေရသူတွေထဲမှာ ၄ ဦးက စိုးရိမ်စရာအခြေအနေ ဖြစ်ပါတယ်။
ဆိုက်ဘေးရီးယားရှိ ကျောက်မီးသွေးထုတ်လုပ်ရေး နယ်မြေဖြစ်တဲ့ Kemerovo ဟာ အကြမ်းဖျင်းအားဖြင့် ရုရှားမြို့တော် မော်စကိုမြို့ရဲ့ အရှေ့ဘက် ၂,၁၇၅ မိုင်အကွာမှာရှိပြီး နှစ်ပေါင်းများစွာ လူသေဆုံးတဲ့ မတော်တဆဖြစ်ရပ်တွေ ဖြစ်ပွားနေခဲ့ပါတယ်။ ယခု မတော်တဆမှုဖြစ်တဲ့ မိုင်းတွင်းဟာ SDS-Holding ရဲ့ အစိတ်အပိုင်းဖြစ်ပြီး Siberian Business Union ပုဂ္ဂလိကပိုင်အဖြစ် ပိုင်ဆိုင်ထားပါတယ်။
မိုင်းတွင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး Siberian Business Union ချက်ချင်း မှတ်ချက်ပေးမှု မရှိသေးပါဘူး။ မတော်တဆမှု ဖြစ်ပွားစဥ် မိုင်းတွင်းထဲမှာ လူ ၂၈၅ ဦးခန့်ရှိနေခဲ့ပြီး အနည်းဆုံး ၂၃၉ ဦးက မြေပေါ်သို့ ပြန်တက်လာနိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ မိုင်းတွင်းထဲမှာ မီးခိုးများပြည့်သွားရတဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေဘက်က ထုတ်ဖော်ပြောခြင်း မရှိသေးဘူးလို့ Reuters သတင်းက ဖော်ပြပါတယ်။