ယူကရိန်းကို ကျူးကျော်ခဲ့ပါက ရုရှားဟာ အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့အရေးယူမှု ကြုံရနိုင်ကြောင်း ဂျိုးဘိုင်ဒန်က ပြောသွားမှာ ဖြစ်ပါတယ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုကို အင်္ဂါနေ့ (ဒီဇင်ဘာ ၇ ရက်) မှာ ပြုလုပ်ခဲ့ကြပြီး ယူကရိန်းအရေးနဲ့ အခြားကိစ္စရပ်တွေကို ဆွေးနွေးကြတယ်လို့ ရုရှားအစိုးရ ရုပ်မြင်သံကြားဌာနက ထုတ်ပြန်ပါတယ်။

ရုရှားက ၎င်းတို့ရဲ့တောင်ပိုင်း အိမ်နီးချင်း ယူကရိန်းကို တိုက်ခိုက်ကျူးကျော်ရန် ပြင်ဆင်နေမှုအပေါ် အနောက်အုပ်စုက စိုးရိမ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပါက ရုရှားနဲ့ ၎င်းရဲ့ဘဏ်တွေဟာ အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့အရေးယူမှုများ ကြုံရနိုင်ကြောင်း ဆွေးနွေးပွဲအတွင်း ဂျိုးဘိုင်ဒန်က ပူတင်ကို ပြောမှာဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက အွန်လိုင်းဆွေးနွေးမှု မစတင်မီ ပြောခဲ့ပါတယ်။



(Photo: kremlin.ru)

စီးပွားရေးပိတ်ဆို့မှုအရေးမှုတွေဟာ ရုရှားရဲ့ အကြီးဆုံးဘဏ်တွေနဲ့ ရုရှားနိုင်ငံသုံးငွေ ရူဘယ်ကို အမေရိကန်ဒေါ်လာနဲ့ အခြားငွေကြေးတို့နဲ့ လဲလှယ်နိုင်မှုတို့ကို ပစ်မှတ်ထားနိုင်ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ ထိုသို့ ပိတ်ဆို့အရေးယူမှုတွေဟာ ယူကရိန်းနယ်စပ်အနီး ရုရှားတပ်ဖွဲ့များ အလုံးအရင်းဖြင့် ဖြန့်ကျနေရာယူထားပြီး တိုက်ခိုက်ကျူးကျော်ရန် ပြင်ဆင်နေခြင်းကို တားမြစ်ရန်ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတနဲ့ ဆွေးနွေးမှုကနေ အောင်မြင်မှုတစ်စုံတရာ မမျှော်လင့်ထားကြောင်း ရရှားအစိုးရက ဆွေးနွေးပွဲမတိုင်မီ ပြောကြားထားပြီး ယူကရိန်းကို ကျူးကျော်ရန်ရည်ရွယ်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ကာ ၎င်းရဲ့တပ်ဖွဲ့များ လှုပ်ရှားမှုဟာ ခုခံကာကွယ်မှုဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် အနောက်အုပ်စုက ယူကရိန်းကို စစ်ဘက်ဆိုင်ရာ အထောက်အပံ့ပေးမှုအပေါ် ရုရှားက မနှစ်မြို့ကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ယူကရိန်းကလည်း ရုရှားနယ်စပ်အနီး တပ်ဖွဲ့များ ဖြန့်ကျချထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရုရှား ကျောထောက်နောက်ခံပြုထားတဲ့ ယူကရိန်း ခွဲထွက်ရေးသမားတွေလက်ထဲသို့ ကျရောက်ခဲ့တဲ့ ပိုင်နက်နယ်မြေကို အင်အားသုံးပြီး ပြန်သိမ်းပိုက်မှာမဟုတ်ကြောင်း ယူကရိန်းအစိုးရထံမှ အာမခံချက်ရလိုကြောင်းနဲ့ နယ်စပ်မှာ တပ်ဖွဲ့များ ဖြန့်ကျက်ထားတဲ့ ယူကရိန်းရဲ့ ရည်ရွယ်ချက်ကို ရုရှားက မေးခွန်းထုတ်ခဲ့ပါတယ်။

ယူကရိန်းဘက်တော့ ရုရှားရဲ့ ထိုပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်း နယ်စပ်မှာ စစ်ဖြစ်ပွားမှာကို စိုးရိမ်ပူပန်မှုတွေရှိနေစဥ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား အွန်လိုင်းဆွေးနွေးမှုကနေ မည်သည့် ရလဒ်များထွက်ပေါ်လာကြောင်းကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။



Share

က္က