ယူကရိန်းဂန္ထဝင်တိုက်စစ်မှူးရှက်ချန်ကိုက သူဟာ ရုရှားပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ထိမှန်ခံရဖို့အတွက် တော်တော်လေးနီးစပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ ရှက်ချန်ကိုဟာ ဒိုဟာကို ရောက်ရှိနေပြိး ကမ္ဘာ့ဖလားပြိုင်ပွဲကို တက်ရောက်ဖို့ဖိတ်ကြားခံခဲ့ရတဲ့ ဧည့်သည်တွေထဲက တဦးအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။
Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရှက်ချန်ကိုက ဖွင့်ဟခဲ့တာဖြစ်ပြီး ကံကောင်းလို့သာ သေဘေးက ကင်းလွတ်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ချိန်မှာ အသံကျယ်ကျယ်ထွက်ခဲ့တဲ့သူတဦးအဖြစ်နဲ့ ထင်ရှားခဲ့တဲ့ ရှက်ချန်ကိုက သူ့ရဲ့ အဖြစ်အပျက်ကို အခုလို ဖွင့်ဟသွားခဲ့ပါတယ်။
"ပြီးခဲ့တဲ့လက အဲဒီလိုဖြစ်ခဲ့တာပါ၊ ဒုံးကျည်တစင်းက ကျနော့်ကိုထိမှန်ဖို့ နီးစပ်ခဲ့တာပါ၊ ၂ ကီလီမီတာလောက်ဝေးတဲ့နေရာကနေ ပစ်တာ၊ အားလုံးသိတဲ့အတိုင်းပဲ၊ ရုရှားက အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလေ၊ အဲဒီမှာ electric central generators တွေကို ထိမှန်ခဲ့ပြီး ပေါက်ကွဲမှုက အရမ်းပြင်းထန်တယ်"
"စစ်ပွဲဇုန်ထဲကို ရောက်ရင် ဒိလိုတွေဖြစ်မယ်ဆိုတာ ကျနော်သိပါတယ်၊ အဲဒီမှာဆိုရင် တကယ်ကို မယုံနိုင်တဲ့ ခံစားချက်တွေဖြစ်ရပါတယ်၊ လူတွေက အရမ်းဒုက္ခရောက်နေပေမယ့် အရမ်းညီညွှတ်ကြတယ်၊ ကျနော်တို့ ဘာလုပ်နိုင်လဲ ကျနော်တို့သိပြီးသားပါ၊ ဘယ်လိုရှင်သန်ရမလဲ၊ ဘယ်လိုမျိုး ညီညီညွှတ်ညွှတ်နေထိုင်ရမလဲဆိုတာလည်း နားလည်ထားကြပါတယ်" လို့ ရှက်ချန်ကိုက ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး ရှက်ချန်ကိုက "မက်ဆီက ကမ္ဘာ့ဖလားနဲ့ထိုက်တန်ပါတယ်၊ သူ့ကစားသမားဘ၀မှာ အားလုံးလုပ်နိုင်ခဲ့ပေမယ့် အခု သူကစားနေတာ ကမ္ဘာ့ဖလားအတွက်ပါပဲ၊ ပွဲကောင်းတွေကစားခဲ့တယ်၊ ခေါင်းဆောင်ကောင်းတယောက်၊ လှပတဲ့ဂိုးတွေလည်း သွင်းယူနေပြီး အသင်းဖော်တွေအတွက်လည်း အရေးပါတဲ့ပေးပို့မှုတွေလုပ်ပေးနေတယ်၊ သူက တကယ့်ခေါင်းဆောင်ကောင်းတယောက်ပါ" လို့ပြောဆိုခဲ့ပါတယ်။