ဥရောပသမဂ္ဂအနေနဲ့ ဘီလာရုစ်အစိုးရနဲ့ တိုက်ရိုက် ပြောဆိုဆွေးနွေးရန်လည်း ရုရှားက တိုက်တွန်းလိုက်ပါတယ်

ပိုလန်-ဘီလာရုစ် နယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်း ပေါ်ပေါက်နေစဥ် ရုရှားက ဘီလာရုစ်ကောင်းကင်ယံမှာ စောင့်ကြပ်ပျံသန်းရန် ဗုံးကြဲလေယာဥ်များ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ပိုလန်-ဘီလာရုစ် နယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်း အခြေအနေဖြစ်ရအတွက် ရုရှားနိုင်ငံက ဥရောပသမဂ္ဂ (European Union - EU) ကို ယနေ့ (နိုဝင်ဘာ ၁၀ ရက်) အပြစ်တင်ခဲ့ပြီး နယ်စပ်ကိုပိတ်ပစ်ရန် စီစဥ်ခြင်းဖြင့် ဘီလာရုစ်ကို အကျပ်ရိုက်စေရန် ကြိုးစားနေကြောင်း စွပ်စွဲခဲ့ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ ဘီလာရုစ်အစိုးရနဲ့ တိုက်ရိုက် ပြောဆိုဆွေးနွေးရန်လည်း ရုရှားက တိုက်တွန်းလိုက်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



(Photo: Reuters)

ပိုလန်သမ္မတ Andrzej Duda ကတော့ ဘီလာရုစ်နဲ့နယ်စပ်မှ ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်း နောက်ကွယ်မှာ ရုရှားသမ္မတဗလာဒီမာပူတင် ရှိနေခဲ့ကြောင်း ပြောဆိုထားပါတယ်။ ရုရှားနိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ ဘီလာရုစ်သမ္မတ Alexander Lukashenko ရဲ့ အစိုးရ ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်းကို ဖြစ်စေခဲ့ခြင်းအပေါ် ငြင်းဆိုထားပြီး ဥရောပသမဂ္ဂနဲ့ အမေရိကန်ကြောင့် နယ်စပ်မှာ သောင်တင်နေတဲ့ လူတွေကို ဒုက္ခဖြစ်ခဲ့ရကြောင်း စွပ်စွဲထားပါတယ်။

သို့သော် "နယ်စပ်အတားအဆီးတွေကို ဖျက်ဆီးဖို့ ဘီလာရုစ်အာဏာပိုင်တွေက ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီနေတာလည်း ကျွန်တော်တို့ သိထားပါတယ်၊ နန်းကြိုးတွေဖြတ်ဖို့ ခြံစည်းရိုးကိုဖျက်ဖို့ ကိရိယာတွေ ဘယ်လို ယူလာပေးတာကို ကျွန်တော်တို့ တွေ့မြင်ရပါတယ်" လို့ ပိုလန်နိုင်ငံရဲ့ အထူးတာဝန်များဆိုင်ရာ ပြောခွင့်ရအမျိုးသား Stanislaw Zaryn က ပြောဆိုခဲ့ပါတယ်။

(Photo: Reuters)

အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန်နဲ့ အာဖရိကမှ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေက ပိုလန်နယ်စပ်ခြံစည်းရိုးကို ချိုးဖျက်ဝင်ရောက်ရန် ညလုံးပေါက် ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံက ယခုအကျပ်အတည်းနဲ့ ပတ်သက်ပြီး ၎င်းရဲ့မဟာမိတ် ဘီလာရုစ်ကို ထောက်ခံကြောင်းပြသမှုအဖြစ် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဥ်နှစ်စင်းကို ဘီလာရုစ် ဝေဟင်ပိုင်နက်ကို စောင့်ကြပ်ရန် စေလွှတ်ခဲ့ပါတယ်။

ရုရှား Tu-22M3 ဗုံးကြဲလေယာဥ်တွေက ဘီလာရုစ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် စမ်းသပ်ရာမှာ ပူးပေါင်းကူညီခဲ့ကြကြောင်း RIA သတင်းက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပိုလန်-ဘီလာရုစ် နယ်စပ်မှ ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်းကို ရည်ညွှန်းထားခြင်းမရှိပေမဲ့ NATO အဖွဲ့ရဲ့ အရှေ့ဘက်နယ်စပ်မှာ တင်းမာမှုမြင့်တက်နေကြောင်း ထင်ရှားစေခဲ့ပါတယ်။

(Photo: Reuters)

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး Vladimir Makei နဲ့ ပူးတွဲသတင်းစာရှင်လင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာမှာ ၎င်းအနေနဲ့ တာဝန်ရှိတဲ့ဥရောပသားတွေဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေထဲကို သူတို့ကိုယ်သူတို့ ဆွဲသွင်းမှာမဟုတ်ဘူးလို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး Vladimir Makei ကတော့ မိမိတို့ နိုင်ငံတွေကို မိတ်ဆွေမဆန်တဲ့ လှုပ်ရှားမှုကို ပူးတွဲတုံ့ပြန်ရန် အပါအဝင် ရုရှားနဲ့ ဘီလာရုစ်တို့ဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် ကူညီပေးနေခဲ့တယ်လို့ ဆိုပါတယ်။ ထိုအတောအတွင်း ရုရှားသမ္မတပူတင်က ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်ထံ ဖုန်းဆက်ပြီး ဥရောပသမဂ္ဂအနေနဲ့ ယခုအကျပ်အတည်းကို ဘီလာရုစ်နဲ့ တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က