ရုရှားနိုင်ငံပိုင် မီဒီယာတွေလည်း ထိန်းချုပ်သွားခဲ့ပါ

ယူကရိန်းအစိုးရအဖွဲ့ရဲ့ IT စစ်တပ်မှာ ပါဝင်ဖို့ နိုင်ငံတကာကို ပန်ကြားချက် မထွက်ခင်မှာပဲ နာမည်ကြီးဟက်ကာအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Anonymous အဖွဲ့ဟာ ရုရှားအစိုးရကို ဆိုက်ဘာစစ်ပွဲဆင်နွှဲလိုက်ပြီ ဖြစ်ကြောင်း ကြေညာပါတယ်။ 

Anonymous အဖွဲ့ဟာ ယူကရိန်းကို ရုရှားတို့ စတင်ကျူးကျော်တိုက်ခိုက်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာပဲ Twitter ပေါ်ကနေ ရုရှားအစိုးရကို ဆိုက်ဘာစစ်ကြေညာကြောင်း တရားဝင်ထုတ်ပြန်ခဲ့တာပါ။ အဲ့ဒီနေ့က စလို့ Anonymous အဖွဲ့ဟာ ရုရှားအစိုးရအဖွဲ့ဝက်ဘ်ဆိုက်တွေ ပြုတ်ကျသွားအောင် Distributed Denial Of Service (DDoS) တိုက်ခိုက်မှုတွေ အပါအဝင် ဆိုက်ဘာတိုက်ခိုက်မှုတွေ စတင်ခဲ့တယ်လို့ The Guardian သတင်းက ဖော်ပြပါတယ်။ 





ဒီဟက်ကာအဖွဲ့ဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန Database ကို Hack ခဲ့သလို တနင်္ဂနွေနေ့မှာလည်း ရုရှားနိုင်ငံပိုင် TV ချန်နယ်လိုင်းတွေကို ဆိုက်ဘာထိုးဖောက်မှုလုပ်ပြီး ယူကရိန်းနိုင်ငံအတွင်း ရုရှားကျူးကျော်မှု လုပ်နေတဲ့ ဓါတ်ပုံတွေ ၊ ယူကရိန်းအမျိုးသားသင်္ကေတနဲ့ မျိုးချစ်သီချင်းတွေအပါအဝင် ယူကရိန်းအရေးဆိုင်ရာ အကြောင်းအရာတွေ လွှင့်တင်မှု လုပ်ဆောင်ခဲ့ပါတယ်။


ဖေဖော်ဝါရီ ၂၇ ရက် တနင်္ဂနွေနေ့က Anonymous အကောင်ကနေ တင်ထားတဲ့ #OpRussia ကမ်ပိန်းကနေ ရုရှားအစိုးရအဖွဲ့ရဲ့ ကရင်မလင်ဝက်ဘ်ဆိုက် ၊ အစိုးရမီဒီယာနဲ့ ဘဏ်ဝက်ဘ်ဆိုက်အပါအဝင် ရုရှားဝက်ဘ်ဆိုက်ပေါင်း ၃၀၀ ကျော်ကို ၄၈ နာရီအတွင်း ဖြုတ်ချနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Offline ဖြစ်သွားတဲ့ ဝက်ဘ်ဆိုက်တွေထဲက အများစုဟာ ပြန်လည်ပတ်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ 


Operation Russia ကမ်ပိန်းအကြောင်း သတင်းအချက်အလက်တွေ Twitter ပေါ် ပြန်မျှဝေတဲ့ အဖွဲ့ဝင်တစ်ယောက်ကတော့ ဟက်ကာတွေဟာ မြောက်အော့ဆက်တီးယား Nogir မှာ ရှိတဲ့ ဓါတ်ဆီထိန်းချုပ်စနစ်နဲ့ Linux ကွန်ပျူတာကို ထိန်းချုပ်ထားတဲ့ ရုရှား Linux Terminal တစ်ခုတို့ကိုလည်း ဆိုက်ဘာထိုးဖောက်ဝင်ရောက်မှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။ Rusia Today ကတော့ သူ့ရဲ့ ဝက်ဘ်ဆိုက် Down ရတဲ့အတွက် Anonymous ကို ဗြောင်ပဲ အပြစ်တင်ထားပြီး တိုက်ခိုက်မှုဟာ အမေရိကန်မှာ အများဆုံး အခြေစိုက်ထားတဲ့ Devices သန်း ၁၀၀ ဆီကနေ လာတယ်လို့ ပြောပါတယ်။ 


"ကျွန်တော်တို့ အထဲက ရက်စွဲတွေ ပြောင်းခဲ့တယ်။ ဂတ်စ်ဖိအားကိုလည်း မီးထလောင်အောင် မြှင့်တာအထိ လုပ်မလို့ပါဘဲ။ အဲ့ဒီဘက်က ကံကောင်းသွားတာက အမြန်တုံ့ပြန်နိုင်တဲ့ လူအထိန်း Controller တစ်ခုကြောင့် အလုပ်မဖြစ်လိုက်ဘူး" လို့ ဆိုက်ဘာဖောက်ထွင်းမှုအကြောင်း Screenshot တွေနဲ့အတူ ပို့စ်မှာ ဖော်ပြထားပါတယ်။ အသံဖိုင်အဖြစ် တင်ထားတဲ့ ပို့စ်တစ်ခုမှာလည်း ရုရှားစစ်တပ်ဆက်သွယ်မှုကို ဟက်ကာတွေ ကြားဖြတ်ဖမ်းယူထားမှုအကြောင်းတွေ ပါဝင်နေပါတယ်။ 



Anonymous အဖွဲ့အနေနဲ့ .ru နဲ့ ဆုံးတဲ့ ရုရှားအစိုးရဝက်ဘ်ဆိုက်တွေ Offline ဖြစ်အောင် ဆက်လက်ကြိုးပမ်းနေပြီး ရုရှားပြည်သူတွေကို ပူတင်ရဲ့ အစိုးရဆင်ဆာဖြတ်ယန္တရားလက်ကနေ လွတ်ကင်းအောင် သတင်းအချက်အလက်မှန်တွေ ပို့ပေးသွားမယ်လို့ Tweet တစ်ခုမှာ ရေးထားပါတယ်။ ယူကရိန်းအစိုးရအဖွဲ့အနေနဲ့လည်း ပြီးခဲ့တဲ့ ကြာသာပတေးနေ့က နိုင်ငံရဲ့ ဆိုက်ဘာကာကွယ်ရေးမှာ ရုရှားကို တော်လှန်ဖို့ ဆိုက်ဘာကျွမ်းကျင်တဲ့ ဟက်ကာနဲ့ ဆိုက်ဘာလုံခြုံရေးပညာရှင်တွေကို အကူအညီတောင်းခံထားပါတယ်။ 

Share

Loading Next Article...
က္က