ယူကရိန်း ဘောလုံးသမားနှစ်ယောက် တိုက်ပွဲမှာကျသွားခဲ့ပါတယ်။

ရုရှားတို့ ယူကရိန်းမြေကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့အပေါ် ယူကရိန်းစစ်တပ်နဲ့ ပြည်သူတွေ အတူတကွ တုံ့ပြန်ခုခံလျက်ရှိပါတယ်။ ဒီလိုမျိုးပြည်သူတွေထဲမှာ ကဏ္ဍပေါင်းစုံက နာမည်ကျော်တွေလည်း ပါဝင်ပြီး ဘောလုံးလောကနဲ့ ရင်းနှီးဆက်နွယ်သူအချို့လည်း ပါဝင်ခုခံနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။



လက်ရှိနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရတော့ ယူကရိန်းဘောလုံးသမားနှစ်ယောက်ဟာ ရုရှားရဲ့ကျူးကျော်စစ်ကို ခုခံရင်း တိုက်ပွဲကျသွားခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၁) နှစ်အရွယ် ဗစ်တလီဆာပိုင်လိုနဲ့ အသက် (၂၅) နှစ်အရွယ် ဒီမိုထရိုမာတီနန်ကိုတို့ဖြစ်ပါတယ်။

ဆာပိုင်လိုဟာ ယူကရိန်းဒုတိယတန်းကလပ် ကာပါတေလိယက်ဗ်ရဲ့ လူငယ်အသင်းကဖြစ်ပြီး မာတီနန်ကိုကတော့ အက်ဖ်စီဂိုစတိုမယ်လ်ရဲ့ အပျော်တမ်းကစားသမားတယောက်ဖြစ်တယ်လို့ talkSPORT သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ဘောလုံးလောကရဲ့ ပထမဆုံး ဆုံးရှုံးမှုတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကိုလည်း FIFPRO ကအတည်ပြုပေးခဲ့ပြီး “ယူကရိန်း လူငယ်ဘောလုံးသမားနှစ်ယောက်ရဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ အသင်းဖော်တွေနဲ့အတူ ကျနော်တို့ ထပ်တူထပ်မျှခံစားရပါတယ်။ ဆာပိုင်လိုနဲ့မာတီနန်ကိုတို့ နှစ်ယောက်ဟာ ဒီစစ်ပွဲမှာ ဘောလုံးလောကရဲ့ ပထမဆုံး ဆုံးရှုံးမှုတွေဖြစ်လာခဲ့ပါတယ်။ နှစ်ယောက်လုံး ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဆာပိုင်လိုရဲ့ မိခင်ကလပ် ကာပါတေလိယက်ဗ်ကလည်း “ကျနော်တို့အသင်းရဲ့ သူရဲကောင်းကို ထာဝရအမှတ်ရနေပါမယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ရှရစ်ဖ်နည်းပြ ဗာနီဒက်ဘ်၊ အာဆင်နယ်ကစားသမားဟောင်း လက်ဇ်ဟီတို့အပါအဝင် ဘောလုံးလောကရဲ့ ပုဂ္ဂိုလ်အချို့ဟာ ယူကရိန်းအတွက် ပြန်လည်တိုက်ပွဲဝင်ပေးနေကြပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်းရဲ့ ယူကရိန်းတိုက်စစ်မှူး ယာမိုလန်ကိုကလည်း ယူကရိန်းစစ်တပ်အတွက် ငွေကြေးလှူဒါန်းခဲ့ပြီး ကမ္ဘာအနှံ့ကို ရောက်ရှိနေတဲ့ ယူကရိန်းလူမျိုးတွေဟာ သူတို့ရဲ့ အမိမြေကို ကာကွယ်ဖို့အတွက် ယူကရိန်းနိုင်ငံကို ပြန်လည်ရောက်ရှိနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က