လက်နက်ကြီးကျည် ထိမှန်ပြီး ကျဆုံးခဲ့တာပါ။

ယူကရိန်းကလပ် ရှက်တာဒိုးနက်ရဲ့ လူငယ်နည်းပြတယောက် ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံရင်း တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တယ်လို့ အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ပါလ်ကင်က အတည်ပြုပေးခဲ့ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာဟာ (၉) ရက်တာ ကာလအတွင်းကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။



ဒီတပတ်အစောပိုင်းမှာလည်း ယူကရိန်းဘောလုံးလောက,က ကစားသမားနှစ်ယောက် တိုက်ပွဲအတွင်း အသက်ပေးခဲ့ပြီး အခုတခါမှာတော့ ရှက်တာဒိုးနက်ရဲ့ လူငယ်နည်းပြတယောက် ထပ်မံကျဆုံးခဲ့တာဖြစ်ပါတယ်။ ရှက်တာဒိုးနက် အမှုဆောင်အရာရှိချုပ် ပါလ်ကင်က “ကျနော်တို့ရဲ့ ဝန်ထမ်းတယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါတယ်”

“သူက ကလေးငယ်တွေရဲ့နည်းပြတယောက်ပါ။ ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးခဲ့တာဖြစ်ပါတယ်” လို့ အတည်ပြုပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ နည်းပြရဲ့နာမည်ကိုတော့ မဖော်ပြထားဘဲ ရုရှားရဲ့ကျူးကျော်စစ်ပွဲအတွင်း ယူကရိန်းဘောလုံးလောက,က ကျဆုံးသူ သုံးယောက်အထိ ရှိလာခဲ့ပါတယ်။

ဒီသတင်းကို အတည်ပြုပြီးတဲ့နောက်မှာတော့ ပါလ်ကင်က “ကျနော် ဒီစကားကို ရုရှားကလပ်တွေရဲ့ ပိုင်ရှင်တွေ၊ အုပ်ချုပ်သူတွေနဲ့ ကစားသမားတွေကို ပြောချင်ပါတယ်။ ရုရှားကဆိုးရွားပြီး သစ္စာမရှိတဲ့ တိုက်ခိုက်မှုမျိုးကို ယူကရိန်းအပေါ် လုပ်ဆောင်ခဲ့ပါတယ်”

“ဒီနိုင်ငံက ခင်ဗျားတို့ တယောက်ချင်းစီတိုင်း လာရောက်လည်ပတ်ဖူးတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ခင်ဗျားတို့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။ ဒီနိုင်ငံမှာ ခင်ဗျားတို့ရဲ့ ဆွေမျိုး၊ သူငယ်ချင်းနဲ့ အသိအကျွမ်းတွေရှိပါတယ်။ ခင်ဗျားတို့ထဲက တချို့ဆို ဒီနိုင်ငံထဲမှာပဲ မွေးခဲ့တာပါ။ အခုတော့ ဒီနိုင်ငံက ရုရှားစစ်တပ်ရဲ့ ရှိသမျှ လက်နက်ပေါင်းစုံရဲ့ ဖျက်ဆီးမှုမျိုးနဲ့ ရင်ဆိုင်နေရပါပြီ”

“ခင်ဗျားတို့လည်း အပယ်ခံဖြစ်နေပါပြီ။ နာဇီတွေကို အနိုင်ယူဖို့ အကြီးအကျယ် အားထုတ်ခဲ့တဲ့ ရုရှားက အကြမ်းဖက်သမားတွေ၊ အသံတိတ်ပြီး သူရဲဘောကြောင်တဲ့သူတွေရှိတဲ့ နေရာဖြစ်သွားပါပြီ။ တကမ္ဘာလုံးက ခင်ဗျားတို့ကို စောင့်ကြည့်နေပါတယ်။ ခင်ဗျားတို့ရဲ့ ရူးသွပ်မှုကို ရပ်တန့်ဖို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့က ငကြောက်တွေပဲ၊ ခင်ဗျားတို့က ကြောက်ရွံ့နေကြတယ်” လို့ အပြင်းအထန် ဝေဖန်ပြောကြားသွားခဲ့ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က