ယူကရိန်းရဲ့ အကြီးဆုံးပုဂ္ဂလိကပိုင် ကွန်ပျူတာပြတိုက်တစ်ခုဖြစ်တဲ့ Club 8-Bit အဆောက်အဦဟာ ဒီတစ်ပတ်အစောပိုင်းမှာ ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
မာရီယူပိုးလ်မြို့ကို ရုရှားတပ်တွေ ဝိုင်းရံထိုးစစ်ဆင်နေချိန်မှာ Club 8-Bit ပြတိုက်ဟာ ဗုံးဒဏ်သင့်ပြီး ပျက်စီးသွားခဲ့တာလို့ ဆိုပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေကနေ ၂၀၀၀ ခုနှစ်ဆန်းပိုင်းအထိ ရှိတဲ့ ခေတ်ဟောင်းကွန်ပျူတာတွေ ၊ စက်တွေနဲ့ နည်းပညာထုတ်ကုန်ပေါင်း ၅၀၀ ကျော်ကို ဒီပြတိုက်မှာ ပြသထားတာ ဖြစ်ပါတယ်။
ဒီပြတိုက်ကို ဒီမီထရီ ချီရီပါနော့ဗ်က ပိုင်ဆိုင်တာ ဖြစ်ပြီး "ဒါပါပဲ ...မာရီယူပိုးလ်ကွန်ပျူတာပြတိုက် မရှိတော့ဘူး" လို့ မတ်လ ၂၁ ရက်နေ့က ချီရီပါနော့ဗ်က ပြောပါတယ်။
"၁၅ နှစ်ကြာအောင် ကျွန်တော် တောက်လျှောက်စုဆောင်းခဲ့တဲ့ လက်ရာတွေအားလုံးက Facebook စာမျက်နှာ ၊ ဝက်ဘ်ဆိုက်နဲ့ ပြတိုက်ရေဒီယိုအသံလွှင့်ရုံပေါ်မှာပဲ မှတ်ဉာဏ်အပိုင်းအစတွေအဖြစ် ကျန်ခဲ့တာပေါ့ဗျာ" လို့ ပြတိုက်ပိုင်ရှင် ချီရီပါနော့ဗ်က ဆိုပါတယ်။
ဒီပြတိုက်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေက ကွန်ပျူတာသမိုင်းကို ဖော်ပြနေတဲ့ ကွန်ပျူတာပစ္စည်းပေါင်း ၅၀၀ ကျော် ရှိတဲ့ ပြတိုက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်က Gizmodo မီဒီယာက ဒီပြတိုက်ကို လာရောက်လည်ပတ်ခဲ့ပြီး ကမ္ဘာပေါ်က ဘယ်နေရာထက်မဆို အကောင်းဆုံးနဲ့ အကြီးဆုံး ဆိုဗီယက်ခေတ် ကွန်ပျူတာပြတိုက်ကြီးအဖြစ် ချီးကျူးဖော်ပြခဲ့ပါတယ်။
ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု ၁ လကျော်ကြာပြီးနောက် ယူကရိန်းနိုင်ငံသား ၁၀ သန်းနီးပါး စစ်ရေးအကြပ်အတည်းတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒါဟာ ဒုတိယကမ္ဘာစစ်အလွန် အမြန်ဆုံးဒုက္ခသည်အကြပ်အတည်းဆိုက်ရောက်တဲ့ အရေးကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။