ပိုလန်လက်ရွေးစင် အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက ရုရှားနဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲကစားဖို့ ငြင်းဆန်ခဲ့တဲ့ ပိုလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ လုပ်ရပ်ကို အပြည့်အဝ ထောက်ခံတယ်လို့ ပြောကြားလိုက်ပါတယ်။ ပိုလန်ဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဥ်အဖြစ် ရုရုားနိုင်ငံမှာ ရုရှားလက်ရွေးစင်နဲ့ ကစားဖို့ရှိနေတာပါ။
ဒါပေမယ့် ယူကရိန်းကို ရုရှားတို့ ကျူးကျော်ခဲ့ပြီးနောက် ရုရှားမှာကစားဖို့ စီစဥ်ထားတဲ့ပွဲကို နေရာပြောင်းကျင်းပပေးဖို့ ချက်၊ ဆွီဒင်နဲ့ ပိုလန်ဘောလုံးအဖွဲ့ချုပ်တို့က ပူးတွဲကြေညာခဲ့ပါတယ်။ ရုရှားနဲ့ပိုလန်၊ ချက်နဲ့ဆွီဒင်တို့ ပွဲက အနိုင်ရတဲ့နှစ်သင်းက မော်စကိုမှာပဲ အဆုံးအဖြတ်ပွဲကို ထပ်မံကစားဖို့ ပွဲစဥ်ဇယားရေးဆွဲထားတာဖြစ်ပါတယ်။
ဒါပေမယ့် ပိုလန်ဘောလုံးအဖွဲ့ချုပ်ကတော့ ယူကရိန်းအပေါ် ကျူးကျော်တဲ့ ရုရှားတို့ရဲ့လုပ်ရပ်ကြောင့် ရုရှားနဲ့ ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို မကစားနိုင်ဘူးလို့ ဒီကနေ့မှာပဲ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပိုလန်လက်ရွေးစင် အသင်းခေါင်းဆောင် လီဝန်ဒေါစကီးကလည်း သူ့ရဲ့ သဘောထားကို ချက်ချင်းဆိုသလိုပဲ အခုလို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လီဝန်ဒေါစကီးက “ရုရှားနဲ့ကစားဖို့ကို ငြင်းဆန်လိုက်တဲ့ ပိုလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ လုပ်ရပ်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ယူကရိန်းကို လက်နက်ကိုင် ကျူးကျော်မှုတွေ လုပ်နေချိန်မှာ ရုရှားနိုင်ငံရဲ့ လက်ရွေးစင်အသင်းနဲ့ ကစားနေဖို့ဆိုတာကို ကျနော် စိတ်ကူးယဥ်ကြည့်လို့တောင် မရပါဘူး”
“ရုရှားဘောလုံးသမားတွေ၊ ပရိသတ်တွေက ဒီအတွက် တာဝန်မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့အနေနဲ့လည်း ဘာမှမဖြစ်နေသလိုမျိုး မဟန်ဆောင်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူအီးအက်ဖ်အေဟာ ရုရှားမှာ ကျင်းပဖို့ စီစဥ်ထားတဲ့ (၂၀၂၂) ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ပြင်သစ်နိုင်ငံမှာ ရွှေ့ပြောင်းကစားမယ်လို့ မနေ့က တရားဝင်ကြေညာခဲ့ပါတယ်။
ဖီဖာအနေနဲ့လည်း ရုရှားရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အခု ပိုလန်ရဲ့ ထုတ်ပြန်ကြေညာချက်က ဖီဖာဥက္ကဌ အင်ဖန်တီနိုအတွက်တော့ ခေါင်းခဲစရာဖြစ်ခဲ့ရပါတယ်။