ကိုရိုနာဗိုင်းရပ်စ်အသစ်က ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမယ့် အလားအလာကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်

ရုရှားသမ္မတ ဗလာဒီမာပူတင်က ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ကို တိုက်ဖျက်ရေး ဆောင်ရွက်မယ့်အစီအစဥ်တစ်ရပ်ကို လာမယ့် သီတင်းပတ်အတွင်း အသင့်ပြင်ဆင်ကြရန် အစိုးရအဖွဲ့ကို ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။

ဆေးဝါး၊ အောက်စီဂျင်နဲ့ ဆေးရုံကုတင် ထောက်ပံ့ပေးနိုင်မှုကို ထိန်းထားရန် အရေးကြီးကြောင်း ပူတင်က ဆိုပါတယ်။ "ပထမဆုံးက စမ်းသပ်စစ်ဆေးမှုတွေနဲ့ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို အမြဲမပြတ်စောင့်ကြည့်ဖို့၊ ကူးစက်ပျံ့နှံ့မှုကို လျှော့ချဖို့ တိကျရှင်းလင်းတဲ့ အစီအစဥ် လိုအပ်ပါတယ်" လို့ သမ္မတပူတင်က နိုဝင်ဘာ ၃၀ ရက်နေ့က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ခုအတွင်း ပြောခဲ့ပါတယ်။



(Photo: Remko de Waal / AFP / ANP)

ရုရှားမှာ အိုမီခရွန်ဗိုင်းရပ်စ်သစ် ထွက်ပေါ်မလာမီ အောက်တိုဘာလအတွင်းက COVID-19 ကြောင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး နိုဝင်ဘာလဆန်းမှာ တစ်နိုင်ငံလုံးကို တစ်ပတ်ကြာ အလုပ်ပိတ်ရက် သတ်မှတ်ထားခဲ့ရပါတယ်။ ယခုအခါ ရုရှားရဲ့ ကူးစက်မှုနဲ့ သေဆုံးမှုတွေက အမြင့်ဆုံးဖြစ်ခဲ့မှုကနေ ပြန်လျော့ကျလာပြီဖြစ်ပေမဲ့ ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းက မြင့်နေဆဲလို့ ဆိုပါတယ်။

အင်္ဂါနေ့ (နိုဝင်ဘာ ၂၉ ရက်) ထုတ်ပြန်ချက်အရ ရုရှားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်မှုအသစ် ၃၃,၈၆၀ တွေ့ရှိရပြီး သေဆုံးသူ ၁,၂၀၉ ဦးရှိခဲ့ပါတယ်။ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကနေ ယနေ့အထိ ရုရှားမှာ ကူးစက်ခံရသူ ၉.၆ သန်းနဲ့ သေဆုံးသူ ၂၇၅,၁၉၃ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။


(Image: Global Look Press / Luz Garcia)

ရုရှားမှာ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုကိုတော့ နိုဝင်ဘာ ၃၀ ရက်အထိ မတွေ့ရသေးပါဘူး။ အသစ်တွေ့ရှိလာရတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်က ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမယ့် အလားအလာကို မေးခွန်းထုတ်စရာဖြစ်လာပြီး ကာကွယ်ဆေးတွေနဲ့ ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားတွေကို အပြန်အလှန် အသိအမှတ်ပြုရန် အရေးကြီးကြောင်း ထင်ရှားစေတယ်လို့ သမ္မတပူတင်က ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က တရားဝင် အသိအမှတ်ပြုရန် စောင့်ဆိုင်းနေရဆဲလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုအပေါ် သက်ရောက်လာနိုင်ခြင်းအတွက် စိုးရိမ်ပူပန်နေကြတဲ့ အိုမီခရွန်ဗိုင်းရပ်စ်အသစ်ဟာ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေ ၁၉ ခုကို ပျံ့နှံ့ရောက်ရှိနေခဲ့ပြီလို့ ဆိုပါတယ်။

(Photo: Reuters)

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန် (Omicron) ကို WHO က 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ထားပါတယ်။ အိုမီခရွန်ဟာ နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့ဖွယ်ရှိပြီး ကူးစက်မှုများ မြင့်တက်လာနိုင်တဲ့အန္တရာယ် အလွန်မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောထားပါတယ်။ အိုမီခရွန်နဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုတွေ ယခုအချိန်အထိ မရှိသေးပေမဲ့ ကာကွယ်ဆေးတွေနဲ့ ယခင် COVID-19 ဖြစ်ခဲ့ဖူးသူတွေမှာ က ကာကွယ်နိုင်မှုကို သိရှိနိုင်ရန် နောက်ထပ် လေ့လာမှုတွေ လိုအပ်နေသေးကြောင်း WHO က ဆိုပါတယ်။

Share

က္က