အခုလို လုပ်တာ မှားတယ်လို့ Instagram အကြီးအကဲက ပြောပါတယ်။

Facebook ကို ပိတ်ပြီး တစ်ပတ်အကြာမှာ ရုရှားအစိုးရဟာ Meta ပိုင် Instagram ဝန်ဆောင်မှုကိုပါ ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာပါတယ်။

ရုရှားနိုင်ငံပိုင် ဆက်သွယ်ရေးအေဂျင်စီ Roskomnadzor က အခုလို ပိတ်လိုက်တာဟာ ရုရှားစစ်သားတွေကို အကြမ်းဖက်တိုက်ခိုက်အောင် လှုံ့ဆော်ခွင့်ပြုတာကြောင့်လို့ ပြောပါတယ်။ Instagram ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ နိုင်ငံတချို့မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရုရှားစစ်သားတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ပြောကြားတာကို ခွင့်ပြုထားတာပါ။ 



Photo: CNBC


Meta ဟာ "ရုရှားကျူးကျော်သူတွေ သေပါစေ"ဆိုတဲ့ အမုန်းစကားစည်းမျဉ်းကို ချိုးဖောက်ရာရောက်နေတဲ့ အကြမ်းဖက်မှုပါတဲ့ ပို့စ်တချို့ကိုလည်း ယာယီခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ရုရှားနိုင်ငံသားတွေကို အကြမ်းဖက်ဖို့ တောင်းဆိုပြောကြားတာမျိုးကိုတော့ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောထားပါတယ်။ ရုရှားဘက်ကတော့ အမေရိကန်အစိုးရကို Meta ရဲ့ အစွမ်းရောက်လုပ်ရပ်တွေ ရပ်တန့်ပေးဖို့ ပြောဆိုထားပါတယ်။

Facebook ကို ရုရှားအာဏာပိုင်တွေက ပိတ်ပင်ရာမှာတော့ ရုရှားမီဒီယာတွေအပေါ် ခွဲခြားဘက်လိုက်မှုရှိတာကြောင့်လို့ ဆိုပါတယ်။ Instagram ကို ပိတ်လိုက်တာဟာ ရုရှားပြည်သူတွေကို ထိခိုက်နစ်နာစေမယ်လို့ Instagram အကြီးအကဲ အဒမ် မော့စ်ဆာရီက ပြောပါတယ်။ 

"ဒီဆုံးဖြတ်ချက်က ရုရှားက လူပေါင်း သန်း ၈၀ ကို တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တာ ၊ တခြားပြင်ပကမ္ဘာတွေနဲ့ ဆက်သွယ်မှုကိုပါ ဖြတ်တောက်သွားမှာပါ။ အကြောင်းက ရုရှားနိုင်ငံက လူတွေရဲ့ ၈၀% ဝန်းကျင်လောက်က သူတို့နိုင်ငံပြင်ပက Instagram အကောင့်တစ်ခုကို Follow လုပ်ထားလို့ ဖြစ်ပါတယ်။ အခုလို လုပ်တာ မှားပါတယ်။" လို့ အဒမ် မော့ဆာရီက ပြောပါတယ်။

Meta ပိုင် WhatsApp စာပို့ပလက်ဖောင်းကတော့ လောလောဆယ် ရုရှားမှာ အပိတ်ခံရတာမျိုး မရှိသေးပါဘူး။ ရုရှားအစိုးရဟာ Meta ပိုင် Facebook နဲ့ Instagram တို့အပြင် နိုင်ငံအတွင်း Twitter ဝန်ဆောင်မှုသုံးစွဲခြင်းပါ ပိတ်ပင်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က