ရုရှားမှာ COVID-19 ကပ်ရောဂါကူးစက်မှု စတင်တွေ့ရှိခဲ့ပြီးနောက် ၁၉ လအတွင်း သေဆုံးမှုများ စံချိန်တင်အရေအတွက် မြင့်တက်လာခဲ့ရာ အာဏာပိုင်တွေက တစ်နိုင်ငံလုံး သီတင်းတစ်ပတ်ကြာ အလုပ်ပိတ်ရက် သတ်မှတ်ကြေညာလိုက်ကြောင်း သိရပါတယ်။
(Photo: AP)
ရုရှားအစိုးရက COVID-19 ကြောင့် သေဆုံးမှုအရေအတွက် သိသာစွာ မြင့်တက်လာခြင်းကို ရပ်တန့်စေရန် အားထုတ်ဆောင်ရွက်မှုအဖြစ် ည ၁၁ နာရီမှစပြီး ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားမယ်လို့ ဆိုပါတယ်။ အစိုးရအရာရှိတွေနဲ့ ယနေ့ (အောက်တိုဘာ ၂၀ ရက်) ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုအတွင်း သမ္မတဗလာဒီမာပူတင်က အောက်တိုဘာလကုန်ပိုင်း ရုံးပိတ်ရက်နှစ်ရက်ကို ထပ်တိုးပြီး တစ်ပတ်ကြာ ဆက်ပိတ်ထားခြင်းဖြင့် ဝန်ထမ်းအများအပြား နေအိမ်မှာပင်နေစေရန် အစီအစဥ်အား ဆက်လက်ဆောင်ရွက်ရန် သဘောတူခွင့်ပြုခဲ့ပါတယ်။
ရွေးချယ်စရာက နှစ်ခုပဲရှိတယ်၊ နေမကောင်းအဖြစ်ခံမလား ဒါမှမဟုတ် ကာကွယ်ဆေးထိုးမလားဆိုတာပဲ
လက်ထောက်ဝန်ကြီးချုပ် Tatyana Golikova က အဆိုပြုတင်ပြခဲ့တဲ့ အစိုးရရဲ့ ယခုအစီအစဥ်အရ အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ရုရှားမှာ ရုံးများပိတ်ထားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် အသက် ၆၀ နှစ်အထက် ကာကွယ်ဆေးမထိုးရသေးတဲ့ ဝန်ထမ်းတွေကို လာမယ့် နိုဝင်ဘာလမှစပြီး နေအိမ်ကနေ အလုပ်လုပ်ရန်အတွက် ဌာနအကြီးအကဲတွေက စီစဥ်ပေးရန် လက်ထောက်ဝန်ကြီးချုပ် Tatyana Golikova က အကြံပြုခဲ့ပါတယ်။
(Photo: Tatyana Makeyeva / Reuters)
ဝန်ထမ်းတွေအတွက် ကာကွယ်ဆေးထိုးရန် သီးခြားရက်နှစ်ရက် သတ်မှတ်ပေးရန်လည်း သူမက ပြောခဲ့ပါတယ်။ ဘားဆိုင်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနဲ့ ကလပ်တွေကို ည ၁၁ နာရီနဲ့ မနက် ၆ နာရီအတွင်း ပိတ်ထားရန်နဲ့ ဒေသဆိုင်ရာ အစိုးရအကြီအကဲတွေက မည်သည့် စီမံဆောင်ရွက်မှုကို လုပ်ဆောင်မည်ဆိုတာကို ဆုံးဖြတ်လိမ့်မယ်လို့ Tatyana Golikova က ဆိုပါတယ်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကွင်းဆက်ကိုဖြတ်တောက်ရန် ယခုအချိန်မှာ အလွန်အရေးကြီးကြောင်း၊ အဓိက လုပ်ငန်းတာဝန်ဟာ နိုင်ငံသားတွေရဲ့အသက်ကို ကာကွယ်ရန်နဲ့ COVID-19 ကူးစက်မှုတွေကို လျှော့ချရန်ဖြစ်ကြောင်း သမ္မတပူတင်က အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
(Photo: Vitaliy Belousov / Sputnik)
ဒါ့အပြင် "ရွေးချယ်စရာက နှစ်ခုပဲရှိတယ်၊ နေမကောင်းအဖြစ်ခံမလား ဒါမှမဟုတ် ကာကွယ်ဆေးထိုးမလားဆိုတာပဲ၊ ဒါပေမဲ့ ကာကွယ်ဆေးထိုးတာက ပိုးကောင်းပါတယ်၊ ရောဂါဖြစ်ဖို့နဲ့ သူ့ရဲ့နောက်ဆက်တွဲတွေအတွက် ဘာလို့ စောင့်နေကြမလဲ" လို့ သမ္မတပူတင်က ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ယနေ့ (အောက်တိုဘာ ၂၀ ရက်) ထုတ်ပြန်ချက်အရ ရုရှားမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူ ၁,၀၂၈ ဦးရှိခဲ့ရာ ကူးစက်မှုစတင်တွေ့ရှိခဲ့ချိန်နောက်ပိုင်း တစ်ရက်အတွင်း သေဆုံးသူအရေအတွက် အများဆုံးဖြစ်လာခဲ့ပါတယ်။ သေဆုံးသူအများအပြားဟာ ရုရှားရဲ့ အကြီးဆုံးမြို့ကြီးနှစ်ခုဖြစ်တဲ့ မော်စကိုနဲ့ စိန့်ပီတာစဘတ်ဂ်တို့မှာ ဖြစ်ပါတယ်။ ရုရှားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈.၀၉ သန်းကျော်နဲ့ သေဆုံးသူ ၂၂၆,၃၅၃ ဦးရှိခဲ့ကြောင်း သိရပါတယ်။