ရုရှားကလည်း ပြန်ပြီး Ban တာတွေ ရှိလာပါတယ်

ယူကရိန်းကို ကျူးကျော်မှုအကျိုးဆက်အဖြစ် ရုရှားနိုင်ငံကို နည်းပညာကုမ္ပဏီကြီးတွေဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာကြပါတယ်။ 



လပေါင်းများစွာ တင်းမာမှုတွေအပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရုရှားရဲ့ ယူကရိန်းပေါ် ကျူးကျော်စစ်ဆင်နွှဲမှုအပေါ် အမေရိကန် ၊ ယူကေ နဲ့ အီးယူတို့ဟာ ရုရှားပေါ် စီးပွားရေးဒဏ်ခတ်အရေးယူမှု လုပ်ဆောင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ နည်းပညာဘက်ကလည်း ဒါဇင်နဲ့ချီတဲ့ အထင်ကရ ကုမ္ပဏီကြီးတွေဟာ ရုရှားမှာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းကြောင်း တုံ့ပြန်လာပါတယ်။ 

ဒီထဲကမှ အရေးပါတဲ့ နည်းပညာလုပ်ငန်းကြီးတွေ နဲ့ သူတို့ရဲ့ အရေးယူမှုအကြောင်း စုစည်း တင်ဆက်လိုက်ပါတယ်။ 


(၁) Apple 



အမေရိကန်ရဲ့ ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ဟာ ရုရှားမှာ iPhone အပါအဝင် ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ ရောင်းချမှု ရပ်ဆိုင်းခဲ့သလို Apple Pay ဝန်ဆောင်မှု ကန့်သတ်ခြင်း အပါအဝင် အွန်လိုင်းငွေကြေးလွှဲပြောင်းမှုတွေလည်း ရပ်ထားခဲ့ပါတယ်။ ဒါ့အပြင် အရပ်သား ပြည်သူတွေကို ကာကွယ်ဖို့ ယူကရိန်းမှာ Apple Maps ရဲ့ တချို့ Features တွေလည်း ပိတ်ထားခဲ့ပါတယ်။


(၂) Microsoft 


Windows အပါအဝင် ကမ္ဘာကျော် ဆော့ဖ်ဝဲလ်တွေ ထုတ်လုပ်နေတဲ့ အမေရိကန်နည်းပညာလုပ်ငန်းစု Microsoft ဟာ ရုရှားမှာ ကုမ္ပဏီရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများ ရောင်းချခြင်း ရပ်ဆိုင်းခဲ့သလို ယူကရိန်းနိုင်ငံအတွင်း ကုမ္ပဏီရဲ့ ဆိုက်ဘာလုံခြုံရေး အားကောင်းခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ 


(၃) Google 

လောလောဆယ် ရုရှားက သုံးစွဲသူတွေဟာ Google ရဲ့ ရှာဖွေရေးအင်ဂျင်ကို အသုံးပြုနိုင်ဆဲ ဖြစ်ပေမယ့် နိုင်ငံအတွင်းက ကြော်ငြာစီးပွားရေးကိုတော့ Google က ရပ်ဆိုင်းထားပါတယ်။ ဒီထဲမှာ YouTube က ဝင်နေတဲ့ ကြော်ငြာဝင်ငွေတွေ ၊ ရှာဖွေမှု နဲ့ တခြား Google က ထုတ်ပေးထားတဲ့ ဈေးကွက်ရှာဖွေရေးပုံစံအားလုံးလည်း ပါဝင်ပါတယ်။ 

Google Maps ရဲ့ Features တချို့လည်း ပိတ်ထားပြီး ယူကရိန်း စွန့်ခွာပြည်သူတွေအတွက် ဒုက္ခသည်အရင်းအမြစ်တွေနဲ့ ချိတ်ဆက်နိုင်မယ့် သတင်းအချက်အလက်တွေတော့ ထောက်ပံ့ထားပါတယ်။ 


(၄) Samsung



တောင်ကိုရီးယားနည်းပညာလုပ်ငန်းစု Samsung ကလည်း သောကြာနေ့က ရုရှားဆီ ကုန်ပစ္စည်းတင်ပို့မှု ရပ်ဆိုင်ထားကြောင်း ထုတ်ပြန်ပါတယ်။ လက်ရှိ ပထဝီနိုင်ငံရေးအနေအထားတွေကြောင့် ရုရှားကို ထုတ်ကုန်တင်ပို့မှု ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။ 


(၅) TikTok


နာမည်ကျော် ရုပ်သံတိုတင်ဆက်တဲ့ လူမှုကွန်ရက် App တစ်ခုဖြစ်တဲ့ TikTok ဟာ ရုရှားမှာ Livestreaming နဲ့ ဗွီဒီယို Contnet သစ်တွေ တင်တာ ပိတ်ထားတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် တနင်္ဂနွေနေ့က အခုလို ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပြီး အကြောင်းကတော့ ရုရှားရဲ့ သတင်းတုဥပဒေသစ်ကြောင့်လို့ ဆိုပါတယ်။ ဥပဒေသစ်မှာ ရုရှားရဲ့ ယူကရိန်းပေါ် ကျူးကျော်မှုအကြောင်း သတင်းမှား ဖြန့်သူကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်အောင် ပြဌာန်းထားတာပါ။


(၆) Meta


Meta ဟာ သူ့ပိုင် လူမှုကွန်ရက်ပလ်ကဖောင်းတွေပေါ်ကနေ ရုရှားအစိုးရသတင်းမီဒီယာတွေ ကြော်ငြာထည့်တာ ၊ ငွေရှာတာတွေ ပိတ်ပင်ထားပါတယ်။ မကြာသေးခင်ကပဲ Meta ပလက်ဖောင်းတွေပေါ်ကနေ သတင်းမှားတွေကို လွတ်လပ်တဲ့ သတင်းဌာနယောင်ဆောင်ပြီး ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးခဲ့တဲ့ ကွန်ရက်တစ်ခုလည်း ဖယ်ရှားခဲ့ပါတယ်။ ရုရှားအစိုးရကလည်း Meta ကို ဘက်လိုက်ခွဲခြားပြီး ဆင်ဆာဖြတ်ကြောင်း စွပ်စွဲခဲ့ပြီး နိုင်ငံအတွင်း Facebook အပါအဝင် Meta ပလက်ဖောင်းတွေ ဝင်ကြည့်မရအောင် ပိတ်သွားမယ့်အကြောင်း ပြောခဲ့ပါတယ်။ 


(၇) Twitter 


RT နဲ့ Sputnik တို့လို ရုရှားအစိုးရပိုင် မီဒီယာတွေအပေါ် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုနဲ့အညီ Twitter ကလည်း ရုရှားမှာ Ads ဝန်ဆောင်မှုတွေ ဆိုင်းငံ့လိုက်ပြီး ရုရှားဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ Twitter ကို Facebook လိုပဲ ပိတ်လိုက်ပါတယ်။ Twitter ဟာ ယူကရိန်း-ရုရှားအရေးအခင်းအတွင်း ပလက်ဖောင်းပေါ် ရောက်လာတဲ့ အချက်အလက်တွေမှာ ရုရှားပိုင်မီဒီယာ နဲ့ ပတ်သက်မှုရှိတဲ့ Links တွေကို သတိပေး Label တပ်ခဲ့ပါတယ်။ 


(၈) Netflix



ရုရှားမှာ အခပေးသုံးစွဲသူ ၁ သန်းခန့် ရှိတဲ့ Netflix ဟာ တနင်္ဂနွေနေ့မှာပဲ ကုမ္ပဏီရဲ့ ဝန်ဆောင်မျုတွေ ရုရှားမှာ ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ကြောင်း ကြေညာပါတယ်။ ကမ္ဘာတလွှား အခပေးသုံးစွဲသူ Paid Member ၂၂၂ သန်းကျော် ရှိတဲ့ Netflix အတွက် ရုရှားဈေးကွက်ဟာ သိပ်မှုလောက်တဲ့ အနေအထား မဟုတ်ပါဘူး။ 

Netflix လိုပဲ Disney က Turning Red အပါအဝင် ရုပ်ရှင်တွေ ပြသမှု ဆိုင်းငံ့ကြောင်း ကြေညာခဲ့သလို Warner Bros ၊ Sony ၊ Paramount Pictures နဲ့ Universal တို့ကလည်း အလားတူ ဇာတ်ကားသစ် ရုံတင်ပြသတာမျိုး လုပ်မှာ မဟုတ်ကြောင်း ထုတ်ပြန်ပါတယ်။ 


(၉) PayPal


ယူကရိန်းအပေါ် ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားမှာ လုပ်နေတဲ့ စီးပွားရေးတွေ ရပ်ဆိုင်းလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ PayPal လို ဘဏ္ဍာရေးနည်းပညာလုပ်ငန်းစုတွေလည်း ပါဝင်လာပါတယ်။ စနေနေ့ကစပြီး ရုရှားမှာ PalPal ဝန်ဆောင်မှုတွေ ရပ်ဆိုင်သွားမယ်လို့ ကြေညာပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ်အချင်းချင်း ချိတ်ဆက်တဲ့ ကွန်ရက်ဖြစ်တဲ့ SWIFT ရဲ့ ရုရှားဘဏ်တွေပေါ် ပိတ်ဆို့မှု စတင်ပြီးနောက် Visa နဲ့ Mastercard တို့လည်း ရုရှားနိုင်ငံဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းလုပ်ဆောင်မှု ရပ်ထားကြောင်း ထုတ်ပြန်ပါတယ်။ 

(၁၀) Intel , AMD & TSMC


ကမ္ဘာ့ထိပ်တန်း Semiconductor လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Intel နဲ့ AMD တို့ဟာ ရုရှားမှာ semiconductor chips အပါအဝင် ထုတ်ကုန်တွေ ရောင်းချမှု ရပ်ဆိုင်းထားပါတယ်။ Taiwan Semiconductor Manufacturing Company (TSMC) ကလည်း ရုရှားမိတ်ဖက် ကုမ္ပဏီတွေနဲ့ အလုပ်လုပ်တာ ရပ်လိုက်ပြီလို့ ဆိုပါတယ်။ 

ဒီလုပ်ငန်းကြီးတွေ အပြင် ဗွီဒီယိုဂိမ်းကုမ္ပဏီ Nintendo ၊ Electronic Arts ၊ ကားလုပ်ငန်းစုတွေ ဖြစ်ကြတဲ့ BMW ၊ Ford ၊ GM နဲ့ Honda တို့လည်း ရုရှားမှာ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့သလို ရုရှားဈေးကွက်ထဲ တင်ပို့မှုပါ ရပ်ထားကြပါတယ်။ Cloud ပလက်ဖောင်းနဲ့ ဝန်ဆောင်မှုတွေ ပေးနေတဲ့ Oracle နဲ့ SAP တို့လည်း ရုရှားမှာ လုပ်ငန်းလုပ်ဆောင်မှု ရပ်ထားပါတယ်။ ကမ္ဘာ့အကြီးဆုံး အင်တာနက်ဆက်ကြောင်းတွေ ထောက်ပံ့ပေးနေတဲ့ Cognet Communications ကလည်း ရုရှားမှာ ဝန်ဆောင်မှုတွေ ပိတ်လိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က