နည်းပညာမူပိုင်ခွင့် ချိုးဖောက်မှုနဲ့ ရုရှားမှာ တရားစွဲခံရတဲ့ Samsung ဟာ ရုရှားဈေးကွက်ထဲ စမတ်ဖုန်းမော်ဒယ် ၆၁ မျိုးအထိ တင်ပို့ရောင်းချခွင့် ရပ်တန့်ထားရတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီရဲ့ Samsung Pay ဝန်ဆောင်မှုဟာ ဆွစ်ဇာလန်အခြေစိုက် မိုဘိုင်းငွေပေးချေရေးကုမ္ပဏီ Sqwin Sa ပိုင် နည်းပညာမူပိုင်ခွင့်ကို ချိုးဖောက်တယ်ဆိုပြီး ရုရှားမှာ တရားစွဲခံထားရတာပါ။ တရားရင်ဆိုင်နေစဉ်အတွင်း Galaxy Z Fold 3 နဲ့ Z Flip 3 အပါအဝင် ကုမ္ပဏီရဲ့ စမတ်ဖုန်း ၆၁ မျိုး ဈေးကွက်ထဲ တင်ပို့ရောင်းချခွင့်ရပ်တန့်ဖို့ ရုရှားတရားရုံးက စီရင်ထားပါတယ်။
Sqwin Sa ဟာ ဒီနှစ်ဆန်းပိုင်းကတည်းက Samsung ကို တရားစွဲထားတာ ဖြစ်ပြီး ဇူလိုင် ၂၇ ရက်နေ့မှာ တရားရုံးဘက်က ဆုံးဖြတ်ချက်ကျလာတယ်လို့ RIA News Agency က ဆိုပါတယ်။ စမတ်ဖုန်းမော်ဒယ် ၆၀ ကျော် ရောင်းခွင့်ရပ်ထားရမယ့်အထဲမှာ ဘယ်မော်ဒယ်တွေ ပါမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Samsung Pay ပလက်ဖောင်း သုံးနိုင်တဲ့ Samsung ဖုန်းအားလုံး ရုရှားဈေးကွက်မှာ ရောင်းချခွင့်ပိတ်ခံထားရတယ်လို့ ယူဆရပါတယ်။
Samsung ကုမ္ပဏီဘက်ကလည်း ဒီစီရင်ချက်ကို အယူခံဝင် လျှောက်လှဲချက်ပေးထားပေမယ့် ဥပဒေကြောင်းအရ ရုရှားဈေးကွက်ထဲ ဖုန်းရောင်းချမှု ရပ်တန့်တဲ့အမိန့်ကို ပျက်ပြယ်အောင် မလုပ်နိုင်သေးပါဘူး။ အွန်လိုင်းငွေပေးချေရေးစနစ်ကို ၂၀၁၃ မှာ ဗစ်တာ ဂူချန်ကိုက မူပိုင်ခွင့်တင်ခဲ့ပြီး ၂၀၁၉ ဧပြီမှာ မှတ်ပုံတင်ခဲ့တာပါ။ ပြီးမှ Sqwin Sa ကို ပေးခဲ့တာ ဖြစ်ပါတယ်။ Samsung ကုမ္ပဏီဟာ Samsung Pay ကို ၂၀၁၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ရုရှားဈေးကွက်ထဲ ၂၀၁၆ မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ရုရှားမှာ Samsung Pay ဟာ တတိယလူသုံးအများဆုံး contactless payment system ဖြစ်ပြီး ငွေကြေးလွှဲပြောင်းမှုတွေရဲ့ ၁၇% ကို Samsung Pay နဲ့ လုပ်ဆောင်နေကြတာပါ။ ဖုန်းနဲ့ Contactless Payment ပိုင်းမှာ Apple Pay က ၃၀% နဲ့ Google Pay က ရုရှားဈေးကွက်ရဲ့ ၃၂% ကို လွှမ်းမိုးထားတာပါ။ တရားရေးကျွမ်းကျင်သူတွေကတော့ ဒီ Payment Services နှစ်ခုကိုလည်း Sqwin Sa က မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲနိုင်ခြေရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။