မတ်လကတည်းက လုပ်ငန်းလည်ပတ်မှု ရပ်ထားတာပါ

ကမ္ဘာကျော် အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ IBM ဟာ ရုရှားဈေးကွက်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ 

နိုင်ငံပေါင်း ၁၇၁ နိုင်ငံမှာ လုပ်ငန်းလည်ပတ်နေတဲ့ IBM ဟာ မတ်လကတည်းက ရုရှားနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားခဲ့တာပါ။ ယူကရိန်းနိုင်ငံပေါ် ရုရှားတို့ ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပြီးနောက် ရုရှားဈေးကွက်အတွင်း လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့တဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေထဲမှာ IBM လည်း ခပ်စောစောကတည်းက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 




IBM အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ပေမယ့်လည်း ရုရှားက ဝန်ထမ်းတွေကို လစာဆက်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ ရုရှားဘဏ်တွေပေါ် စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဝန်ထမ်းလစာဆက်ပေးထားဖို့ ကုမ္ပဏီအနေနဲ့ အခက်အခဲတွေ့လာခဲ့ကြောင်း Reuters သတင်းက ပြီးခဲ့တဲ့လထဲမှာ ဖော်ပြခဲ့ပါတယ်။ 

အခုတော့ IBM ကုမ္ပဏီဟာ ရုရှားဈေးကွက်ကနေ နှုတ်ထွက်တော့မယ်လို့ ဇွန်လ ၇ ရက်နေ့က ကုမ္ပဏီရဲ့ CEO အာဗင်း ခရစ်ချ်နားက အသိပေးလိုက်တာ ဖြစ်ပါတယ်။ ဈေးကွက်ထဲကနေ ထွက်ခွာမှာ ဖြစ်လို့ ရုရှားမှာ ရှိတဲ့ ဝန်ထမ်းအားလုံးကို အလုပ်ဖြုတ်တော့မှာလည်း ဖြစ်ပါတယ်။ ခရစ်ချ်နားရဲ့ ရုံးတွင်းအသိပေးစာထဲမှာ "ရုရှားက လုပ်ဖော်ကိုင်ဖက်တွေရဲ့ အပြစ်မဟုတ်ပေမယ့် မသေချာမှုတွေ စိတ်ဖိစီးစရာတွေနဲ့ လပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ကြကြောင်း , IBM အနေနဲ့ သူတို့နဲ့အတူ ဆက်လက်ရပ်တည်ပြီး ထောက်ပံ့မှုတွေကို အကြောင်းအကျိုးသင့်အဆင့်ဆင့် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း" ပြောထားပါတယ်။



ရုရှားဈေးကွက်က ထွက်လိုက်လို့လည်း IBM အတွက် နစ်နာစရာ သိပ်မရှိဘူးလို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအကြီးအကဲ ဖြစ်သူ ဂျင်မ် ကာဗားနော့ဂ်က ဧပြီလထဲမှာ လုပ်ဆောင်ခဲ့တဲ့ ပထမသုံးလပတ်အစည်းအဝေးမှာ ပြောပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့နှစ် IBM စုစုပေါင်း ဝင်ငွေရဲ့ ၀.၅% ခန့်ပဲ ဝင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က IBM ရဲ့ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၅၇.၄ ဘီလျံမှာ သန်း ၃၀၀ ခန့်က ရုရှားဈေးကွက်က ဝင်ခဲ့တာ ဖြစ်ပါတယ်။ 

IBM ရဲ့ ရုရှားဖောက်သည်တွေထဲမှာ ဖက်ဒရယ်ဘဏ်များ ၊ စွမ်းအင်ကုမ္ပဏီနဲ့ ရုရှားမီးရထားလိုင်းများ ပါဝင်နေပါတယ်။ IBM အပြင် အမေရိကန်နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Apple ၊ Microsoft ၊ Google ၊ Meta ၊ Twitter နဲ့ Netflix စတဲ့ ကုမ္ပဏီကြီးတွေလည်း ရုရှားမှာ ဝန်ဆောင်မှုတွေ ရပ်ဆိုင်းထားကြတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က