ဘီလာရုစ်လက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ယူအီးအက်ဖ်အေက အရေးယူလိုက်တာပါ။

ဘီလာရုစ်ကလပ်အသင်းတွေနဲ့ နိုင်ငံလက်ရွေးစင်အသင်းတွေဟာ သူတို့ရဲ့အိမ်ကွင်းမှာ ယူအီးအက်ဖ်အေရဲ့ မည်သည့်ပြိုင်ပွဲကိုမဆို လက်ခံကျင်းပခွင့်မရှိတော့ဘဲ ကြားကွင်းမှာသာ သွားရောက်ကစားရတော့မယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကြားကွင်း သွားကစားတဲ့အခါမှာလည်း ဘီလာရုစ်ပရိသတ်တွေ ကွင်းထဲဝင်ရောက်ကြည့်ရှုခွင့်ရမှာ မဟုတ်ပါဘူး။



ဒါဟာ ယူအီးအက်ဖ်အေနဲ့ဖီဖာတို့က ရုရှားကလပ်အသင်းတွေနဲ့ နိုင်ငံအသင်းတွေကို လက်ရှိယှဥ်ပြိုင်နေတဲ့ ပြိုင်ပွဲတွေကနေ ထုတ်ပယ်ပြီးနောက် ဘီလာရုစ်ကိုပါ ယူအီးအက်ဖ်အေက ထပ်ဆင့်အရေးယူခဲ့တာပါ။ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ဘောလုံးလောကမှာပါ အခြားသော အသင်းတွေက ရုရှားကလပ်တွေ၊ လက်ရွေးစင်အသင်းတွေနဲ့ ကစားဖို့ ငြင်းဆန်ထားပါတယ်။

အခု အရေးယူလိုက်တဲ့ ဘီလာရုစ်ကလည်း အာဏာရှင်နိုင်ငံတနိုင်ငံဖြစ်ပြီး လူကာရှန်ကိုက ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူတယောက်ဖြစ်ပါတယ်။ လူကာရှန်ကိုဟာ ရုရှားတို့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နိုင်ဖို့ သူတို့ရဲ့နယ်မြေတွေကို အသုံးပြုခွင့်ပေးထားခဲ့တာကြောင့်လည်း အခုလိုမျိုး ဘီလာရုစ်ကိုပါ ယူအီးအက်ဖ်အေက တပါတည်းအရေးယူခဲ့တာပါ။

ဒါပေမယ့် စစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိတဲ့ ဘီလာရုစ်ကတော့ ရုရှားထက် တဆင့်နိမ့်ပြီးတော့သာ အရေးယူခံရသေးတယ်လို့ဆိုနိုင်ပါတယ်။ ရုရှားတို့ ဘယ်အချိန်မှာ ပြိုင်ပွဲတွေ ပြန်ကစားခွင့်ရမလဲဆိုတဲ့ မေးခွန်းကိုလည်း ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင်က အခုလိုပဲ တုံ့ပြန်ခဲ့ပါတယ်။

ဆီဖာရင်က “လက်ရှိအခိုက်အတန့်မှာ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချည်းပါပဲ။ မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာတော့ ဘယ်သူသိနိုင်မှာလဲ။ အခုချိန်မှာတော့ ဒီလိုပဲဖြစ်နေပါလိမ့်မယ်။ ငြိမ်းချမ်းလာမယ့်အချိန်ကို ကျနော်တို့ စောင့်နေပါတယ်”

“ဘောလုံးက ဒီအရာတွေနဲ့ ပတ်သက်ရင် အဲ့ဒီလောက် အရေးကြီးတာမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူအီးအက်ဖ်အေဟာ ဖီဖာထက်စာရင် ဘောလုံးလောကမှာ ပိုမိုပြတ်သားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ရုရှားကို အရေးယူချိန်မှာလည်း ယူအီးအက်ဖ်အေက အရင်ဆုံးထိထိရောက်ရောက်ရှိခဲ့တယ်လို့ ယူဆရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က