လတ်တလောမှာ ကစားရဖို့မရှိပေမယ့် ကြိုတင်ပြောဆိုလိုက်တာပါ။

ယူကရိန်းနဲ့ စစ်မက်ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ရုရှားနဲ့ကစားရမယ့် ဘယ်လိုပြိုင်ပွဲမှာမဆို ကစားမှာမဟုတ်ဘူးလို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဒါဟာ ရုရှားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမယ့် ချက်၊ ရုရှားမြေပေါ် ကစားရဖို့ရှိနေတဲ့ ပိုလန်၊ ဆွီဒင်တို့က ကစားဖို့ငြင်းဆိုအပြီးမှာ နောက်ထပ်ငြင်းဆိုမှုတခုဖြစ်လာခဲ့ပါတယ်။ 

အင်္ဂလန်ကတော့ ရုရှားနဲ့ လက်တလောမှာ ကစားရဖို့မရှိပေမယ့်လည်း ကြိုတင်ငြင်းဆန်ထားခဲ့တာလည်းဖြစ်ပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြိးဖြစ်ကာ ခြေစမ်းပွဲတွေအဖြစ် ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်တို့နဲ့သာကစားဖို့ အစီအစဉ် ရေးဆွဲထားပြီး ရုရှားနဲ့ကစားရဖို့မရှိပေမယ့် ကစားဖို့ကြုံလာရင်လည်း မကစားဘူးလို့ ပြတ်ပြတ်သားသားပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"ယူကရိန်းနဲ့အတူ ကျနော်တို့ ညီညွှတ်မှုရှိနေမှာဖြစ်ပြီး ရုရှားခေါင်းဆောင်ပိုင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အပြည့်အ၀ရှုတ်ချပါတယ်၊ FA အနေနဲ့ ရုရှားနဲ့ဆိုရင် ဘယ်လိုနိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာမဆို ကစားမှာမဟုတ်ဘူးလို့ အတည်ပြုပါတယ်၊ ဒါက စီနီယာပွဲစဉ်တွေ၊ ဂျူနီယာပွဲစဉ်တွေနဲ့ မသန်စွမ်းအသင်းတွေရဲ့ ကန်ရဖွယ်ရှိတဲ့ ပွဲစဉ်တွေလည်း ပါဝင်ပါတယ်" လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဘောလုံးလောကအတွင်းမှာလည်း ယူကရိန်းဘက်ကနေ အားပေးထောက်ခံမှုတွေကို ပြသနေကြပြီး စစ်ပွဲကိုရပ်တန့်ဖို့အတွက် တောင်းဆိုနေကြပြီဖြစ်ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်အပေါ်မှာ ဆန့်ကျင်ကန့်ကွက်နေကြတာဖြစ်ပြီး ရုရှားလက်ရွေးစင်အသင်းနဲ့ဆိုရင် မကစားဘူးလို့ အားလုံးက ငြင်းပယ်နေပြီး ရုရှားကို အထီးကျန်အသင်းတသင်းဖြစ်အောင် တွန်းပို့နေကြတာလည်းဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားဖို့ရှိနေတဲ့ စိန့်ပီတာစဘတ်ကွင်းမှာလည်း ကျင်းပတော့မှာမဟုတ်ဘဲ ပြင်သစ်မှာ ပြောင်းလဲကစားဖို့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က ရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။ ရုရှားကုမ္ပဏီတွေဆီကနေ စပွန်ဆာရယူထားတဲ့အသင်းတွေကလည်း အဆိုပါကုမ္ပဏီတွေနဲ့ လက်တွဲဖြုတ်ခဲ့ကြကာ လမ်းခွဲခဲ့ကြပါတယ်။ 

Share

က္က