ဘောလုံးလောကရဲ့ အကျော်ကြားဆုံးအေးဂျင့်တဦးလည်းဖြစ်၊ အငြင်းပွားချင်စရာအကောင်းဆုံးအေးဂျင့်လည်းဖြစ်တဲ့ ရွိုင်အိုလာကတော့ မနေ့က ကွယ်လွန်သွားခဲ့ပါပြီ။ နာမည်ကျော်ကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေကို ကိုင်တွယ်ပေးနေပြီး သူ့ကစားသမားတွေအကျိုးစီးပွားဖြစ်ထွန်းဖို့ ၊ ကိုယ်တိုင်လည်း အေးဂျင့်ခမြိုးမြိုးမြက်မြက်ရဖို့ဆိုရင် ဘာမဆိုလုပ်တတ်သူလို့ ကျော်ကြားခဲ့သူတဦးရဲ့ ဘ၀က ပြီးဆုံးသွားခဲ့ပါပြီ။
ဇလာတန်၊ ပေါ့ဂ်ဘာ၊ ဒွန်နာရမ်မာ၊ ဒီလစ်၊ ဗာရက်တီ၊ မွိုက်စ်ကီးန်၊ မီခီတာရန်၊ ဟာလန်းတို့လို ကမ္ဘာ့အဆင့်ကစားသမားတွေကို ကိုင်တွယ်ပေးခဲ့သူဖြစ်ပြီး သူ့ရဲ့ကွယ်လွန်ခဲ့မှုက သူ့ကစားသမားတွေအတွက်တော့ လက်ရုံးတဖက်ပြုတ်သလိုကို ခံစားရမှာသေချာပါတယ်။ ဘယ်လိုပဲအငြင်းပွားချင်စရာကောင်းတဲ့သူဖြစ်နေပါစေ၊ သူ့ကစားသမားတွေအတွက်တော့ သူက အေးဂျင့်ကောင်းတဦးဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။
ဒါကြောင့်လည်းပဲ မီခီတာရန်က "သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း၊ ကျနော့်ရဲ့အေးဂျင့်ကောင်းကြီး၊ ခင်ဗျားကျနော်တို့နဲ့အတူ အမြဲတမ်းရှိနေမှာပါ" လို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားပြောဆိုခဲ့ပါတယ်။ ရွိုင်အိုလာကွယ်လွန်ခဲ့မှုဟာ ယူနိုက်တက်ကနေ ရာသီကုန်မှာ ထွက်ခွာတော့မယ့် ပေါ့ဂ်ဘာအတွက် ကြီးမားတဲ့ဆုံးရှုံးမှုလည်းဖြစ်လာဖွယ်ရှိနေပါတယ်။
ပြင်သစ်သားဟာ ရွိုင်အိုလာရဲ့ လမ်းကြောင်းအတိုင်း ကစားသမားဘ၀ကို ဖြတ်သန်းခဲ့တာဖြစ်ပြီး လက်ရှိမှာ သူ့အနာဂတ်အတွက် နောက်ထပ်အေးဂျင့်တဦးကို ရှာဖွေရဖို့ရှိနေပါပြီ။ ဘောလုံးသမားတွေနဲ့ အေးဂျင့်တွေကြားမှာ ဘယ်လိုသဘောတူညီချက်တွေနဲ့ လက်တွဲထားလည်းဆိုတာကို မသိပေမယ့် အသင်းကထွက်ခွာခါနီး ပေါ့ဂ်ဘာ၊ ပေါ့ဂ်ဘာနဲ့ အခြေအနေတူနေတဲ့ ကစားသမားတွေအတွက် အခက်ကြုံရဖွယ်ရှိနေတာပါ။
ဘယ်လိုတွေဖြစ်လာဦးမလဲဆိုတာ မသိရသေးပေမယ့်လည်း သူနဲ့လက်တွဲထားတဲ့ ကစားသမားတွေကတော့ အေးဂျင့်ကောင်းတဦးဆုံးရှုံးရလို့ ဝမ်းနည်းကြေကွဲရတဲ့အပြင် သူတို့ရဲ့အနာဂတ်အတွက်ကိုပါ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ ရွိုင်အိုလာကတော့ သူ့ရဲ့ကျော်ကြားမှု၊ စည်းစိမ်ဥစ္စာတွေနဲ့ သူ့ကစားသမားတွေအားလုံးကိုထားရစ်ခဲ့ပြီး အေးချမ်းရာနေရာဆီ ထွက်ခွာသွားခဲ့ပါပြီ။