ရွိုင်အိုလာအတွက် ဝမ်းနည်းကြောင်းကို ချက်ချင်းရေးတင်ခဲ့တာပါ။

ရွိုင်အိုလာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းက ဒီကနေ့ ကမ္ဘာ့ဘောလုံးလောကကို တော်တော်လေး လှုပ်ခတ်စေခဲ့ပါတယ်။ ဒါပေမယ့် အချိန်မဆိုင်းဘဲနဲ့ကို ဒီသတင်းတွေက အမှားတွေဆိုတာကို အတည်ပြုနိုင်ခဲ့ပြီး ရွိုင်အိုလာရဲ့တွစ်တာကတဆင့်လည်း သတင်းမှားဖြန့်ခဲ့တဲ့သူတွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒီအထဲမှာတော့ ရီးရဲလ်မက်ဒရစ်လည်း အတော်လေး ကိုးလို့ကန့်လန့်နိုင်သွားခဲ့ပါတယ်။



ဟာလန်း၊ ပေါ့ဘာ၊ အီဘရာဟီမိုဗစ်၊ ဒွန်နာရမ်မာတို့လို နာမည်ကျော်ကစားသမားတွေရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ အသက် (၅၄) နှစ်အရွယ် ရွိုင်အိုလာက ဖျားနာမှုနောက်ဆက်တွဲအဖြစ် ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ရွိုင်အိုလာကတော့ “အကြောင်းအရင်းပြည့်ပြည့်စုံစုံ သိချင်နေတဲ့သူများအတွက်ပါ”

“ကျနော့်ကို (၄) လအတွင်းမှာ ဒုတိယအကြိမ်မြောက် ထပ်သေခိုင်းကြတာပါ။ ဒီတကြိမ်မှာလည်း ကျနော် ပြန်ရှင်လာပုံပါပဲ” လို့ ရေးသားပြစ်တင်ခဲ့ပါတယ်။ ဒါပေမယ့် ရွိုင်အိုလာရဲ့ ညာလက်ရုံး ဟိုဆေးရိုဒရီဂွက်ဇ်က ရွိုင်အိုလာ ကွယ်လွန်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး ဆေးရုံမှာတော့ အသက်လုနေရတယ်လို့ဆိုပါတယ်။

ရွိုင်အိုလာ ကုသမှုခံယူနေတဲ့ ဆန်ရက်ဖ်ဖယ်လီဆေးရုံက ဆရာဝန် အယ်လ်ဘာတိုဇန်ဂရီလိုက “အသက်ရှင်ဖို့ တိုက်ပွဲဝင်နေတဲ့ လူတယောက်ရဲ့အကြောင်းကို သတင်းသမားလိုလို၊ ဘာလိုလိုနဲ့ လူတွေက အကြိမ်ကြိမ် ဖုန်းဆက်မေးခဲ့တာကြောင့် ကျနော် တော်တော်ဒေါသထွက်ရပါတယ်”လို့လည်း ပြောကြားခဲ့ပါတယ်။

ရွိုင်အိုလာ ကွယ်လွန်ပြီဆိုတဲ့ သတင်းကိုကြားတာနဲ့တပြိုင်နက် ရီးရဲလ်မက်ဒရစ်ရဲ့တွစ်တာကတဆင့် “ရွိုင်အိုလာ ကွယ်လွန်သွားခြင်းအတွက် ရီးရဲလ်မက်ဒရစ်ဘက်က အထူးပဲ ဝမ်းနည်းကြေကွဲရပြီး ရွိုင်အိုလာရဲ့ မိသားစုဝင်တွေနဲ့ တသားတည်းအတူရှိနေကြောင်း ဖော်ပြလိုပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ ရွိုင်အိုလာ ကွယ်လွန်တဲ့သတင်းက မှားယွင်းတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တဲ့နောက် ရီးရဲလ်မက်ဒရစ်က ဒီအကြောင်းကို ပြန်ဖျက်ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကတော့ ကိုးလို့ကန့်လန့်နိုင်တဲ့ အခိုက်အတန့်ကို ရင်ဆိုင်ခဲ့ရတယ်လို့ ပရိသတ်တွေကဆိုနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က