ဆီနီဂေါကို အင်္ဂလန်တို့ ဂိုးပြတ်အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ရာမှာ ဘီလင်ဟမ်က တော်တော်လေးခြေစွမ်းပြခဲ့ပါတယ်။ ဟန်ဒါဆန်ရဲ့ အဖွင့်ဂိုးအတွက် သူက ဖန်တီးပေးခဲ့တာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကို သူက ဦးဆောင်ကစားပေးခဲ့ကာ ထူးရှယ်ခြေစွမ်းပြသွားပြီး အားလုံးရဲ့ ဝိုင်းဝန်းချီးကျူးမှုတွေကို ဒေါ့မွန်ကစားသမားက ရရှိနေပြီဖြစ်ပါတယ်။
ရှုံးထွက်အဆင့်မှာ ဖန်တီးမှုပြုလုပ်ပေးနိုင်တဲ့ ပထမဆုံးဆယ်ကျော်သက်ကစားသမားအဖြစ် ဘီလီဟမ်က မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆီနီဂေါနဲ့ပွဲက သူ့ခြေစွမ်းကို ရွိုင်ကိန်း၊ ဂယ်ရီနဗီးလ်နဲ့ ဂယ်ရီလိုင်နီကာတို့အားလုံးက ချီးကျူးပြောဆိုခဲ့ကြပြီး ကစားသမားကလည်း အမှန်တကယ်ပဲ အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် ဆက်တိုက်ခြေစွမ်းပြနေတာဖြစ်ပါတယ်။
ရွိုင်ကိန်းက "ကစားကွက်နည်းနည်းကျပ်လာချိန်မှာ မှော်ပညာနည်းနည်းနဲ့ ပြေးလွှားနိုင်ဖို့ ကွင်းလယ်ကစားသမားတယောက်လိုတယ်၊ အဲဒါကို ဘီလင်ဟမ်က အဲဒီမှာ လုပ်ခဲ့တယ်၊ တကယ်ထက်မြက်လွန်းပါတယ်၊ ဒါက ကွင်းလယ်ကစားသမားတယောက်ဆီက လိုချင်တဲ့အရာပဲ၊ အားကောင်းတယ်၊ သန်မာတယ်၊ ကံနည်းနည်းကောင်းခဲ့တာလည်းပါပါတယ်၊ အခုတော့ ပွဲပြီးသွားပါပြီ"
"ဒီကောင်လေးက စူပါစတားဖြစ်လာဖို့အတွက် တာစူနေပါပြီ၊ ကျနော်တို့က ထိန်းပြောရတာမျိုးတွေရှိပေမယ့် ရင့်ကျက်မှုတွေ သူ့မှာရှိပါတယ်၊ အင်္ဂလန်အတွက် သူက ပွဲ ၁၀၀ လောက်ကစားပေးထားသလိုမျိုး ကစားနေတာပါ၊ လူငယ်ကွင်းလယ်ကစားသမားတယောက် ဒီလိုမျိုးစွမ်းဆောင်နိုင်တာ နှစ်ပေါင်းများစွာအတွင်း ကျနော်မတွေ့ဖူးဘူး၊ သူ့ရဲ့ ရင့်ကျက်မှု၊ ဆုံးဖြတ်ချက်ချမှု၊ ကွင်းလယ်လူတဦးမှာရှိသင့်တာအကုန်လုံး ဒီကလေးမှာ ရှိနေပါတယ်" လို့ ITV ကတဆင့် ပြောဆိုခဲ့ပါတယ်။
အင်္ဂလန်ကတော့ ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံလိဂ်ပြင်သစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပွဲကြီးပွဲကောင်းတပွဲကို ပရိသတ်တွေ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။