ဘာမင်ဂမ်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ရွန်းနီဟာ အသင်းမှာ ရှိစဉ်တုန်းက ကစားသမားတွေအကြား ရေပန်းစားခဲ့သူတစ်ယောက် မဟုတ်ကြောင်း သိရှိရပါတယ်။ ရွန်းနီဟာ အင်္ဂါနေ့မှာ ဘာမင်ဂမ်နည်းပြရာထူးကို စွန့်လွှတ်ခဲ့ရတာပါ။
အဆိုပါ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းကြီးဟာ ဘာမင်ဂမ်ကို (၁၅) ပွဲ ကိုင်တွယ်ခဲ့တဲ့နေရာမှာ ရှုံးပွဲ (၉) ပွဲအထိ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရမှတ် (၁၀) မှတ်နဲ့အတူ နိုင်ပွဲ (၂) ပွဲသာ ရရှိခဲ့တဲ့နောက် အသင်းကို ကိုင်တွယ်ပြီး (၁၃) ပတ်အကြာမှာ ထုတ်ပယ်ခံခဲ့ရတာပါ။
ရွန်းနီဟာ အသင်းမှာရှိစဉ်ကတည်းက ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကြံ့ခိုင်မှုနဲ့ အရည်အသွေးတို့ကို ကျေနပ်အားရခြင်းမရှိခဲ့ဘဲ အမြဲတမ်း ငြီးတွားခဲ့ပါတယ်။ ဒီအပေါ်မှာလည်း ကစားသမားတွေက ကျေနပ်နှစ်သက်ခဲ့ခြင်း မရှိကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ဒါ့အပြင် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကိုလည်း ရွန်းနီက အများဆုံး ဦးဆောင်လေ့မရှိဘဲ နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ အိုရှေးနဲ့ အမြင့်ဘောတွေအတွက် အက်ရှ်လ်ကိုးလ်တို့က အဓိက ထရိန်နင်မောင်းပေးခဲ့ကြောင်း သိရှိရပါတယ်။
ကစားသမားတွေဟာ ရွန်းနီဆီက မကြာခဏဆိုသလို လူသိရှင်ကြား ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပေါ် မကျေနပ်ခဲ့ကြောင်း သိရှိရပါတယ်။ အဲ့ဒီအချက်တွေကပဲ အသင်းရဲ့ အနေအထားကို ပိုမိုဆိုးရွားစေခဲ့ပြီး ရွန်းနီတစ်ယောက် အခုလိုမျိုးပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။