ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက အဲဗာတန်နဲ့ပွဲမှာ ဂါနာချို သွင်းယူခဲ့တဲ့ နောက်ပြန်ကန်ချက် သွင်းဂိုးက ရွန်းနီရဲ့ သွင်းဂိုးထက် ပိုကောင်းကြောင်း ပြောကြားလိုက်ပါတယ်။ အဲဗာတန်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂါနာချိုက အခုလိုပဲ လှလှပပ ဂိုးသွင်းယူခဲ့တာပါ။
ဂါနာချိုရဲ့ သွင်းဂိုးက ဒီရာသီ အလှပဆုံးဂိုးတွေထဲက တစ်ဂိုးဖြစ်လာပြီး ပွတ်ရှ်ကပ်စ်ဆုအတွက်ပါ ရေပန်းစားလာခဲ့ပါတယ်။ ရွန်းနီကလည်း သူ့ရဲ့ ကစားသမားဘဝ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးဘက်ကို အခုလိုမျိုးပဲ လှလှပပ ဂိုးသွင်းယူခဲ့ဖူးပါတယ်။
ရွိုင်ကိန်းကတော့ “ကစားသမားအများစုက ဒါမျိုးဂိုးကို ဘယ်လိုသွင်းရမှန်း မသိကြပါဘူး။ ဒါက ကျင့်သားပြည့်ဝနေဖို့နဲ့ လေထဲမှာ လုပ်ဆောင်နိုင်စွမ်း ကောင်းဖို့ လိုအပ်ပါတယ်။ ဂါနာချိုရဲ့ သွင်းဂိုးက ကျွန်တော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံး နောက်ပြန်ကန်ချက်နဲ့ သွင်းဂိုးတစ်ဂိုးပါပဲ”
“လူတွေကတော့ အရင်တုန်းက မြင်ခဲ့ဖူးတဲ့ နောက်ပြန်ကန်ချက်တွေနဲ့ ငြင်းနေကြပါလိမ့်မယ်။ ဒါပေမယ့် ဒါက ဘိုင်စကယ်ကစ်မဟုတ်ဘူးလေ။ နောက်ပြန်ကန်ချက်ပါ။ ဒီလိုမျိုး အနေအထားနဲ့ အခွင့်အရေးရလာတာတွေ ရှိဖူးမှာပါ။ ကျွန်တော်တို့လည်း ဒါမျိုးကို လုပ်နိုင်မှာပါပဲ”
“ဒါပေမယ့်လည်း ဂါနာချို ကန်ပြသွားခဲ့တာမျိုးကို ကျွန်တော် အရင်က မမြင်ခဲ့ဖူးပါဘူး။ ရွန်းနီရဲ့ သွင်းဂိုးက ဒီဂိုးနဲ့ နီးနီးစပ်စပ်လောက် ကောင်းပါတယ်။ ဒါပေမယ့် ဂါနာချိုရဲ့ နောက်ပြန်ကန်ချက်က ပိုကောင်းပါတယ်” လို့ ချီးကျူး ပြောကြားသွားခဲ့ပါတယ်။