မာနေးဟာ ရွာအတွက် ဆေးရုံ၊ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးထားပြီးတော့ အခုတစ်ကြိမ်ရောက်ရှိခဲ့ရာမှာလည်း အားလုံးစိတ်ချမ်းသာစေမယ့်လုပ်ရပ်တွေကို ထပ်မံလုပ်ဆောင်ခဲ့ပြန်ပါပြီ။
ဆီနီဂေါအတွက်ကစားပေးဖို့အတွက် ပြန်လည်ရောက်ရှိနေတဲ့ တိုက်စစ်မှူးမာနေးဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဘမ်ဘာလီရွာကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါရွာမှာပဲ ကြီးပြင်းလာခဲ့တဲ့ မာနေးဟာ ရွာအတွက် ဆေးရုံ၊ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးထားပြီးတော့ အခုတစ်ကြိမ်ရောက်ရှိခဲ့ရာမှာလည်း အားလုံးစိတ်ချမ်းသာစေမယ့်လုပ်ရပ်တွေကို ထပ်မံလုပ်ဆောင်ခဲ့ပြန်ပါပြီ။
ဘမ်ဘာလီစာသင်ကျောင်းက ထူးချွန်တဲ့ ကျောင်းသားကျောင်းသူတွေကို မာနေးက ဒေါ်လာ ၅၀၀ နဲ့ လက်ပ်တော့တစ်လုံးစီကို ဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်လာ ၅၀၀ ကတော့ ဆီနီဂေါငွေကြေးနဲ့ တွက်ချက်မယ်ဆိုရင် ၂ သိန်းခွဲအထိရှိပြီး ကျောင်းသားတွေအတွက်တော့ တော်တော်လေးကို များပြားတဲ့ ပမာဏဖြစ်ပါတယ်။
ဒါဟာ မာနေးရဲ့ နောက်ထပ်လေးစားဖွယ်ရာလုပ်ရပ်ဖြစ်ပြီး တကယ်ထူးချွန်တဲ့ ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့တာလည်းဖြစ်ပါတယ်။ ကိုယ်တိုင်က ဇိမ်ခံပစ္စည်းတွေကို ဝယ်ယူသုံးစွဲခြင်းမရှိဘဲ ဆီနီဂေါက ကလေးတွေရဲ့ လူမှုဘ၀တိုးတက်စေဖို့အတွက် သူတတ်နိုင်သမျှနဲ့ လုပ်ဆောင်ပေးနေတာဖြစ်ပြီး သူ့အပေါ် ချစ်မြတ်နိုးတဲ့ ပရိသတ်တွေဆီက နောက်ထပ်မေတ္တာတွေ သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ငယ်စဉ်က ကျောင်းကောင်းကောင်းမတက်ခဲ့ရသလို ရွာမှာ ဆေးရုံမရှိတာကြောင့် အခြားရွာက ဆေးဆရာဆီမှာ ဆေးသွားကုရင်း ဆုံးပါးခဲ့တဲ့ ဖခင်ရဲ့အဖြစ်ဆိုးကြောင့် မာနေးက သူ့ရွာလေးမှာ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဆောက်လုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူက ဝင်ငွေကောင်းမွန်ပြီး နာမည်ကျော်ကြားတဲ့ ကစားသမားတစ်ဦးဘ၀ကို ပိုင်ဆိုင်နေပေမယ့် ဘ၀မမေ့ဘဲ သူ့လိုအဖြစ်မျိုး အခြားသူတွေမကြုံရလေအောင် ကူညီထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်။