အေးသွားရင်တောင်မှ မာမသွားဘဲ အရသာ ကောင်းတဲ့မြန်မာမုန့်ပေါင်းဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အိအိမွှေးမွှေးလေးစားရမယ့် ချိုမြိန်မုန့်ပေါင်း
ချိုမြိန်မြန်မာမုန့်ပေါင်းဆိုင်လေးကတော့ မြန်မာမုန့်ကို စားချင်စဖွယ် သက်သပ်ရပ်ရပ်နဲ့ ရောင်းချတဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ဒီဆိုင်လေး မှာ မုန့်ပေါင်းကိုဆန်မုန့်ပေါင်းနဲ့ ကောက်ညှင်း ငချိပ်မုန့်ပေါင်းဆိုပြီး ၂မျိုးရပါတယ်။မုန့်တွေ အေးသွားချိန်မှာတောင်မှ မာခဲခဲကြီးမဖြစ် သွားဘဲ ပြန်နွှေးလိုက်တာနဲ့ အိအိထွေးထွေး အရသာလေးနဲ့ စားကောင်းတယ်လို့ ညွှန်းဆိုကြတဲ့ မုန့်ပေါင်းဆိုင်လေးပါ။
ကုမ္ပဏီဝန်ထမ်းမှသည် မုန့်ပေါင်းဆိုင်လေးသို့
ဒီမုန့်ပေါင်းဆိုင်လေးရဲ့ ဆိုင်ရှင်ဖြစ်သူ မနွယ်က အရင်က ကုမ္ပဏီဝန်ထမ်းလုပ်ခဲ့တာပါ။ဝန်ထမ်း လုပ်ရင်း ကိုယ်ပိုင်အလုပ်လေးလုပ်ချင်တဲ့စိတ် ကနေ မြန်မာမုန့်လေးတွေလုပ်ရောင်းဖို့စိတ်ကူး ရခဲ့တာလို့ ဆိုပါတယ်။
“ဝန်ထမ်းအလုပ်လေးကနေ ကိုယ်ပိုင်အ လုပ်လေးလုပ်ချင်လာတယ်။ဘာလုပ်ရင်ကောင်း မလဲစဉ်စားတော့ အမတို့နယ်မှာစားရတဲ့ မုန့်ပေါင်းအရသာလေးကို သတိရပြီး ဒီမုန့်လေး ရောင်းမယ်ဆိုပြီးစခဲ့တာ။စလုပ်တုန်းကတော့ ရုံးတဖက်နဲ့ပဲစခဲ့တာပါ”လို့ မနွယ်ကပြော ပါတယ်။
မုန့်ပေါင်းလုပ်ဖို့ စလေ့လာခဲ့ပုံ
မုန့်ပေါင်းရောင်းမယ်လို့ စိတ်ကူးချိန်ကစပြီး မုန့်ပေါင်းလုပ်နည်းကို ဆန်အမျိုးအစားအစုံနဲ့ မုန့်စမ်းသပ်လုပ်ကိုင်ခဲ့တယ်လို့ မနွယ်ကပြော ပြပါတယ်။ဆန်အမျိုးအစားပေါ်မူတည်ပြီး မုန့်ရဲ့အရသာရော မုန့်သားပါကွာခြားတာမို့ စိတ်ကြိုက်အရသာနဲ့ မုန့်သားရဖို့အကြိမ်ကြိမ် စမ်းသပ်လုပ်ကြည့်ခဲ့ပြီး လွှင့်ပြစ်လိုက်ရတဲ့အ ခါတွေလည်းအများ ကြီးကြုံခဲ့ရတယ်လို့သူ ဆိုပါတယ်။အဲ့လိုစမ်း သပ်လုပ်ကြည့်ရင်းနဲ့ပဲ နောက်ဆုံးမှာ လိုချင်တဲ့မုန့်သားရပြီး အေးသွားချိန်မှာတောင်မမာဘဲ စားကောင်းတဲ့ မုန့်ပေါင်းလေးဖြစ်လာပါတယ်။
ဈေးစရောင်းစအတွေ့ကြုံ
ဝန်ထမ်းအဖြစ် ပုံမှန်ရုံးတက်ရုံးဆင်းနဲ့ အလုပ်လုပ်ကိုင်ခဲ့သူမို့ ဈေးစရောင်းချိန်မှာ စိတ်လှုပ်ရှားပြီး ရှက်တာ၊ကြောက်တာတွေရှိခဲ့ တယ်လို့ မနွယ်ကပြောပါတယ်။ဒါပေမယ့် လည်း စားသုံးသူတွေကို မုန့်လုပ်ပေးရတဲ့အခါ တိုင်း မုန့်ကိုအခုထက်ပိုကောင်းလုပ်ပေးချင် စိတ်ကြောင့် ဒီအလုပ်မှာပျော်လာတယ်လို့ သူကဆိုပါတယ်။
ယို၅မျိုးထိရွေးလို့ရတဲ့မုန့်ပေါင်း
ချိုမြိန်မြန်မာမုန့်ပေါင်းဆိုင်လေးရဲ့ ထူးခြားချက် လို့ဆိုနိုင်တာကတော့ မုန့်ပေါင်းထဲထည့်တဲ့ အဆာပလာယို၅မျိုးအထိ ရွေးချယ်လို့ရတာ ဖြစ်ပါတယ်။ဆိုင်စဖွင့်တုန်းကတော့ ပုံမှန်ယို ၂မျိုးနဲ့ပဲစခဲ့တာဖြစ်ပြီး စားသုံးသူတွေရဲ့ တောင်းဆိုမှုနဲ့ ယို၅မျိုးထိဖြစ်လာတာပါ။“စရောင်းကာစက ပဲယိုနဲ့အုန်းယို၂မျိုးပဲရှိတာ။ စားသုံးသူတွေကပဲ သူတို့စားချင်တာလေး မေးရင်းနဲ့ ယို၅မျိုးထိဖြစ်လာတာပါ။ယိုတွေက ပဲယို၊အုန်းယို၊ပြောင်းဖူး၊နှမ်းထောင်း၊ထန်းလျက်ဆိုပြီးရှိပါတယ်။ကိုယ်နှစ်သက်တာရွေးလို့ ရပါတယ်” လို့ မနွယ်ကပြောပါတယ်။