ပီအက်စ်ဂျီနဲ့ လမ်းခွဲထားတဲ့ မက်ဆီဟာ သတင်းတွေထွက်ပေါ်ခဲ့သလိုမျိုး အသင်းဟောင်း ဘာစီလိုနာကို မပြောင်းရွှေ့ဖြစ်ခဲ့ဘဲ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကိုသာ ပြောင်းရွှေ့တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ ဒေးဗစ်ဘက်ခမ်းပိုင် အသင်းတစ်သင်းဖြစ်ပြီး မက်ဆီကို ခေါ်ယူဖို့ အရင်ကတည်းက စိတ်ဝင်စားခဲ့တာပါ။
မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြီးဆုံးချိန်မှာ အသင်းဟောင်းကို ပြန်ဖို့ ဆန္ဒရှိခဲ့ပေမယ့် လက်တွေ့မဖြစ်လာခဲ့ပါဘူး။ ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ မက်ဆီရဲ့ ဖခင်တို့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးမှုတွေရှိခဲ့သည့်တိုင် ဘာစီလိုနာဘက်က သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် မက်ဆီအတွက် တရားဝင်ကမ်းလှမ်းမှုကို ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။
အဲ့ဒီနောက်မှာတော့ မက်ဆီရဲ့ လားရာက ပြောင်းလဲသွားခဲ့ပြီး ဆော်ဒီ ဒါမှမဟုတ် မေဂျာလိဂ်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ဆက်တိုက်ထွက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မက်ဆီက အမေရိကန်မြေကို ရွေးချယ်သွားခဲ့ပြီး အင်တာမိုင်ယာမီအတွက် ကစားပေးတော့မှာဖြစ်ပါတယ်။ မက်ဆီအတွက် ဆော်ဒီဘက်ကလည်း ကမ္ဘာ့စံချိန်တင် ငွေကြေးတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကာယကံရှင်ကိုယ်တိုင်က မေဂျာလိဂ်ကို ရွေးချယ်ခဲ့တာပါ။
မက်ဆီတစ်ယောက် အခုလိုမျိုး အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ့်အတွက် Apple TV ကတစ်ဆင့် ရရှိမယ့် မေဂျာလိဂ်ပွဲစဥ်တွေရဲ့ ရုပ်သံထုတ်လွှင့်ခတွေရဲ့ ရာခိုင်နှုန်း၊ Adidas က တိုက်ရိုက်ပေးချေမယ့် အင်တာမိုင်ယာမီ ဂျာစီ ရောင်းချမှုရဲ့ ရာခိုင်နှုန်း၊ ကစားသမားဘဝ ပြီးဆုံးချိန်မှာ မေဂျာလိဂ်နဲ့ပတ်သက်တဲ့ Franchise ရယူပိုင်ခွင့် ဖြစ်နိုင်ခြေအစရှိတဲ့ ခံစားချက်တွေ ပါဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် မက်ဆီ ရွေးချယ်ခဲ့တဲ့ အင်တာမိုင်ယာမီက လက်ရှိ မေဂျာလိဂ် အရှေ့ပိုင်းဇုန်မှာ အမှတ်ပေးဇယား အောက်ဆုံးကို ရောက်ရှိနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အဆိုပါ အသင်းဟာ မကြာသေးတဲ့ နှစ်ပိုင်းအတွင်းကမှ ဒေးဗစ်ဘက်ခမ်း ပူးတွဲအသင်းပိုင်ရှင်အဖြစ်နဲ့အတူ တည်ထောင်ထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး နာမည်ကျော် ကစားသမားတွေကို ခေါ်ယူဖို့ အမြဲတမ်း ကြိုးစားခဲ့ပါတယ်။
တစ်ဖက်မှာလည်း အသင်းရဲ့ ရလဒ်ပိုင်းတွေက ကောင်းမွန်လာခြင်း လုံးဝမရှိဘဲ ဒီရာသီ (၁၆) ပွဲ ကစားပြီးချိန်မှာ (၅) ပွဲသာ အနိုင်ရရှိထားကာ (၁၁) ပွဲ အရေးနိမ့်ထားပါတယ်။ အဲ့ဒါကြောင့်လည်း မကြာခင်ကမှ ယူနိုက်တက် ကစားသမားဟောင်းလည်းဖြစ်တဲ့ ဖီးလ်နဗီးလ်ကို အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပါသေးတယ်။ မက်ဆီ ရောက်လာချိန်မှာတော့ ဒီအသင်းရဲ့ အနေအထားက အရာအားလုံး ပြောင်းလဲလာမလား စောင့်ကြည့်ရဦးမှာပါ။