ဂလေဇာမိသားစုက ရော်နယ်ဒိုကို အသင်းမှာ ဆက်ထားချင်နေတာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ ရော်နယ်ဒိုကို ရောင်းထုတ်ဖို့ အသင်းထံအသိပေးထားပေမယ့် ပူးတွဲပိုင်ရှင် ဂျိုလ်ဂလေဇာကတော့ ရော်နယ်ဒိုကြောင့်ရရှိနေတဲ့အကျိုးအမြတ်တွေကြောင့် ဒီကစားသမားကို ရောင်းချဖို့ ကန့်ကွက်နေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ယူနိုက်တက်ကလည်း ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကက်စ်မဲရိုးကိုခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။



ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ ဘရန့်ဖို့ဒ်ကို လေးဂိုးပြတ်နဲ့ရှုံးနိမ့်ပြီးနောက်ပိုင်း အသင်းနဲ့ သီးခြားလိုဖြစ်လာတဲ့ ရော်နယ်ဒိုကို ရောင်းထုတ်ဖို့ အသင်းထံ အသိပေးခဲ့တာပါ။ ယူနိုက်တက်ဘက်ကလည်း ကစားသမားရဲ့ ခံယူချက်၊ အပြုအမူတွေအပေါ် သဘောကျနှစ်သက်ခြင်းမရှိတော့ဘဲ စာချုပ်ဖျက်သိမ်းဖို့အထိ စဥ်းစားနေတယ်လို့တောင် သတင်းတွေက ဖော်ပြခဲ့ပြီး အသင်းဘက်ကတော့ ဒီသတင်းတွေအပေါ် ငြင်းဆန်ပယ်ချခဲ့ပါတယ်။

အခုချိန်မှာ ယူနိုက်တက်တာဝန်ရှိသူတွေဘက်က ရော်နယ်ဒိုကို ရောင်းထုတ်ဖို့ လမ်းဖွင့်လာကြပေမယ့် အသင်းပိုင်ရှင် ဂလေဇာဘက်ကတော့ ဒီအစီအစဥ်ကို တားမြစ်နေပါတယ်။ အကြောင်းရင်းကတော့ ရော်နယ်ဒိုရဲ့ပုံရိပ်ကြောင့် အကျိုးအမြတ်များစွာရရှိနေပြီး ဒါကို မဆုံးရှုံးလိုတာကြောင့်ဖြစ်တယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့ပုံရိပ်အပြင် အခြားသောစီးပွားရေးအရ အကျိုးအမြတ်တွေကိုပါ ခံစားခွင့်ရရှိနေတာပါ။

လက်ရှိယူနိုက်တက်နဲ့ ရော်နယ်ဒိုအကြား စာချုပ်သက်တမ်းကလည်း လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဂလေဇာမိသားစုဟာ သူတို့ရဲ့စီးပွားရေးတခုတည်းကိုသာ ရှေးရှုပြီး အသင်းအနေအထားအပေါ်မှာ နည်းနည်းလေးမှ အာရုံမစိုက်တဲ့အသင်းပိုင်ရှင်တွေအဖြစ် ပရိသတ်တွေက ယုံကြည်ထားပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ကွင်းလယ်အတွက် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကက်စ်မဲရိုးကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ်လာပြန်ပါတယ်။ ဒီဘရာဇီးကွင်းလယ်လူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက,ကစားသမားတယောက်ဖြစ်ပြီး ကက်စ်မဲရိုးကိုခေါ်ယူဖို့ကတော့ ယူနိုက်တက်အတွက် ခက်ခဲနိုင်ကြောင်း အားလုံးက ယုံကြည်ထားပါတယ်။  

Share

Loading Next Article...
က္က