အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးချိန်မှာ သူတို့ရဲ့ အသင်းခေါင်းဆောင် မက်ဆီအတွက် စောင့်ကြိုနေတဲ့ အောင်မြင်မှုတွေက အများကြီးပါ။ မနေ့ကပွဲမှာ ပင်နယ်တီကတဆင့် တဂိုးသွင်းယူခဲ့ပြီးနောက် မက်ဆီဟာ ဒီပြိုင်ပွဲမှာ သွင်းဂိုး ၅ ဂီုးနဲ့ ဖန်တီးမှု ၃ ကြိမ်အထိရှိလာခဲ့ကာ ရွှေဖိနပ်ဆုအတွက် ပြင်သစ်တိုက်စစ်မှူးဘတ်ပီနဲ့ အပြိုင်ဖြစ်နေခဲ့ပါပြီ။ မက်ဆီရဲ့ ပီအက်စ်ဂျီ အသင်းဖော် ဘတ်ပီကလည်း ၅ ဂိုးသွင်းယူထားတာဖြစ်ပြီး လက်ရှိမှာ ဂိုးဖန်တီးမှုပိုများတဲ့ မက်ဆီက အသာစီးရနေပါတယ်။
မက်ဆီဟာ စုစုပေါင်း ၆ ပွဲကစားပြီးချိန်မှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းပြသမှုနဲ့ အာဂျင်တီးနားတို့ ဗိုလ်လုပွဲတက်ခဲ့မှုတွေကြောင့် ဒီပြိုင်ပွဲရဲ့ ရွှေဘောလုံးဆုကို သူရယူနိုင်ဖို့က သေချာသလောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ သူ့ရဲ့ ကစားသမားဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့ အခွင့်အရေးကလည်း အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပါပြီ။
ဒါကြောင့် မက်ဆီဟာ ကမ္ဘာ့ဖလား၊ ရွှေဘောလုံးဆု၊ ရွှေဖိနပ်ဆုတွေအားလုံးကို တပြိုင်တည်းဆွတ်ခူးနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်ထားပြီး ဒါက တော်ရုံတန်ရုံ ဘယ်ကစားသမားကမှ မပြုလုပ်နိုင်မယ့် စံချိန်ကို ရေးထိုးနိုင်မှာလည်းဖြစ်ပါတယ်။ မက်ဆီအတွက် အခက်ခဲဆုံးဖြစ်လာနိုင်တာကတော့ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ဖို့ဖြစ်ပြီး ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် ပြင်သစ် ဒါမှမဟုတ် မော်ရိုကို,ကို ကျော်ဖြတ်အနိုင်ယူပြနိုင်ဖို့တော့ လိုအပ်ပါတယ်။
လက်ရှိခြေစွမ်းအရ မက်ဆီက ရွှေဘောလုံးဆု သေချာနေပြီး နောက်ထပ်သွင်းဂိုး ၁ ဂိုးလောက်သာ ရခဲ့ရင် ရွှေဖိနပ်ဆုကလည်း သူပဲရယူနိုင်ဖို့ တော်တော်လေးအခွင့်သာသွားမှာပါ။ လာမယ့်ရက်ပိုင်းအတွင်းမှာ ဒါတွေအားလုံးကို ရယူနိုင်အောင် သူ အားထုတ်ရမှာဖြစ်ပြီး သူ့ရဲ့ပရိသတ်တွေကလည်း စောင့်မျှော်နေကြပြီဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ဒီလိုမျိုး ဂန္ထဝင်ဆန်တဲ့ မှတ်တမ်းကို ရေးထိုးနိုင်မလားဆိုတာကတော့....။