လာမယ့်ရာသီအတွက် အာဆင်နယ်ရဲ့ အိမ်ကွင်းဂျာစီအသစ်ကို ထုတ်ပြန်ခဲ့တဲ့နေရာမှာ ရွှေရောင် အစင်းတွေ ပါဝင်လာတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အာဆင်နယ်ဟာ သူတို့ရဲ့ လာမယ့်ရာသီသစ်အတွက် အိမ်ကွင်းဂျာစီကို မနေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒီလိုမျိုး ဂျာစီအသစ်ရဲ့ ပခုံးနှစ်ဖက်မှာ Adidas ရဲ့ Trademark ဖြစ်တဲ့ အစင်းကြားတွေကို ရွှေရောင်နဲ့ အလှဆင်ထားပြီး ဒီအချက်ကြောင့်လည်း အာဆင်နယ်တို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ (၂၀၀၃-၀၄) ခုနှစ် ဘောလုံးရာသီမှာ ရှုံးပွဲမရှိချန်ပီယံအဖြစ်နဲ့ ရွှေဖလားကို ဆွတ်ခူးပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေလျက်ရှိပါတယ်။
ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့ပြီးမှ ရာသီနှောင်းပိုင်းပွဲစဥ်တွေမှာ ဆက်တိုက် ခြေချော်ခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပါတယ်။ အခုလိုအချိန်မျိုးမှာပဲ အာဆင်နယ်တို့ ရွှေရောင်ပါဝင်တဲ့ ဂျာစီကို ထုတ်ပြန်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အမျက်ဒေါသ၊ လှောင်ပြောင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ပရိသတ်တွေက “သူတို့ ပြိုင်ဘက်ကို (၈) မှတ် ဖြတ်ထားချိန်မှာ ဒီရွှေရောင် ပါဝင်တဲ့ ဒီဇိုင်းကို ထည့်သွင်းခဲ့တယ်ထင်တာပဲ” “ပရီးမီးယားလိဂ်ချန်ပီယံကျမဖြစ်ဘဲ ရွှေရောင်ကိုကျ ဂျာစီမှာ ထည့်တယ်တဲ့လား” “သူတို့က ချန်ပီယံဖြစ်ပြီထင်ပြီး ဂျာစီအသစ်မှာ ရွှေရောင်ထည့်ခဲ့တာ” အစရှိသဖြင့် အမျိုးမျိုး လှောင်ပြောင် ဝေဖန်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်တို့ ရွှေဖလားရခဲ့တာ နှစ်ပေါင်း (၂၀) ရှိခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်ဘက်ကတော့ အိမ်ကွင်းဂျာစီအသစ်ရဲ့ အနီရောင်မှာ ရွှေရောင်ဒီဇိုင်းပါဝင်တာက ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့တဲ့ နှစ် (၂၀) မြောက်ကို ဂုဏ်ပြုတာဖြစ်ကြောင်း ဖြေရှင်းထားပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်တို့ ဒီရာသီမှာ ချန်ပီယံမဖြစ်ခဲ့ဘဲ လာမယ့်ရာသီအတွက် ဂျာစီအသစ်မှာ ရွှေရောင်ကို ထည့်သွင်းခဲ့တာက ပြိုင်ဘက်ပရိသတ်တွေအတွက်ပါ လှောင်ရယ်စရာဖြစ်နေခဲ့တာပါ။