ဥရောပသမဂ္ဂရဲ့ အရှေ့ဘက်ခြမ်းနယ်စပ်လည်းဖြစ်တဲ့ ပိုလန်-ဘီလာရုစ် နှစ်နိုင်ငံနယ်စပ်နေရာမှာ ပေါ်ပေါက်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်းက ဒေသတွင်း စစ်ရေးထိပ်တိုက်တွေ့မှုအဖြစ် အရှိန်မြင့်ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ဘီလာရုစ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေက သတိပေးလာကြပါတယ်။
လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနဲ့ လတ်ဗီးယား နိုင်ငံတို့ကတော့ ဘီလာရုစ်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို အသုံးချပြီး ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို လက်တုံ့ပြန်ရန် ၎င်းရဲ့ "ပေါင်းစပ်တိုက်ခိုက်မှု" ကို ရည်ရွယ်ချက်ရှိရှိ အရှိန်မြှင့်နေခြင်းဖြင့် ဥရောပလုံခြုံရေးကို အပြင်းအထန် ခြိမ်းခြောက်နေကြောင်း ပြောဆိုကြပါတယ်။
(Photo: BBC)
"ကျူးကျော်မှုတွေနဲ့ ပြင်းထန်တဲ့ဖြစ်ရပ်တွေ ဖြစ်နိုင်ခြေ မြင့်တက်လာမှုကနေ စစ်တပ်ကဏ္ဍတွေ ပါဝင်လာနိုင်တယ်" လို့ အဆိုပါ နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်မှာ ကာကွယ်ရေးဝန်ကြီးတွေက ပြောထားပါတယ်။ ထိုအတောအတွင်း ဥရောပသမဂ္ဂ (European Union - EU) အဖွဲ့ဝင် မဟုတ်တဲ့ ယူကရိန်းနိုင်ငံက ၎င်းရဲ့နယ်စပ်ဟာ နောက်ထပ် ရွှေ့ပြောင်းနေထိုင်များ အကျပ်အတည်းတစ်ခု ပေါ်ပေါက်လာမှာကို စိုးရိမ်နေပါတယ်။
ကျူးကျော်မှုတွေနဲ့ ပြင်းထန်တဲ့ဖြစ်ရပ်တွေ ဖြစ်နိုင်ခြေ မြင့်တက်လာမှုကနေ စစ်တပ်ကဏ္ဍတွေ ပါဝင်လာနိုင်တယ်
ယူကရိန်းက နိုင်ငံမြောက်ပိုင်း ဘီလာရုစ်နဲ့ နယ်စပ်တစ်လျှောက် နောက်ထပ် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၈,၅၀၀ ဖြန့်ကျက်ချထားမယ်လို့ ကြေညာခဲ့ပါတယ်။ ပိုလန်-ဘီလာရုစ်နယ်စပ် ဘီလာရုစ်ပိုင်နက်အတွင်းမှာ သောင်တင်နေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူအုပ်စုတွေက ဥရောပထဲကို ဝင်ရောက်နိုင်ရန် နယ်စပ်ခြံစည်းရိုးတွေကို ချိုးဖျက်ရန်ကြိုးပမ်းနေခဲ့ကြပါတယ်။
(Photo: Shwan Kurd)
၎င်းတို့က ပိုလန်နယ်ခြားစောင့်တပ်ဖွဲ့တွေကို ကျောက်ခဲများနဲ့ သစ်ကိုင်းများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ခြံစည်းရိုးရဲ့ သံဆူးကြိုးအတားအဆီးတွေကို သစ်လုံးများသုံးပြီး ဖျက်ဆီးရန် ဆက်လက် ကြိုးပမ်းနေခဲ့ကြတယ်လို့ ပိုလန်အာဏာပိုင်တွေက ဆိုပါတယ်။ ဘီလာရုစ်အစိုးရက အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန်နဲ့ အာဖရိကမှ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နယ်စပ်ဖြတ်ကျော်ရန် အားပေးအားမြှောက်လုပ်နေကြောင်းနဲ့ ဘီလာရုစ်ကို အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်သွားနိုင်ကြောင်း ဥရောပသမဂ္ဂက ပြောပါတယ်။
(Photo: Shwan Kurd)
ထို့အတူ အနောက်အုပ်စုကလည်း ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်းအတွက် ဘီလာရုစ်ကို ရှုတ်ချခဲ့ပါတယ်။ ဘီလာရုစ်သမ္မတ Alexander Lukashenko ကလည်း ဘီလာရုစ်ကို ဖြတ်သန်းသွားတဲ့ ရုရှားသဘာဝဓာတ်ငွေ့ ပို့လွှတ်မှုကို ရပ်ဆိုင်းပစ်ပြီး လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဘီလာရုစ်ကို အားပေးထောက်ခံတဲ့ မဟာမိတ်နိုင်ငံ ရုရှားဘက်ကတော့ သမ္မတ Alexander Lukashenko ရဲ့ ပြောဆိုမှုအပေါ် တုံ့ပြန်မှတ်ချက်ပြုခြင်း မရှိသေးပါဘူး။ ရုရှားနိုင်ငံက ယခုအကျပ်အတည်းနဲ့ ပတ်သက်ပြီး ၎င်းရဲ့မဟာမိတ် ဘီလာရုစ်ကို ထောက်ခံကြောင်းပြသမှုအဖြစf် မဟာဗျူဟာမြောက် Tu-22M3 ဗုံးကြဲလေယာဥ်နှစ်စင်းကို ဘီလာရုစ် ဝေဟင်ပိုင်နက်ကို စောင့်ကြပ်ရန် စေလွှတ်ခဲ့ပါသေးတယ်။
ပိုလန်-ဘီလာရုစ် နယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်း အခြေအနေဖြစ်ရခြင်းအတွက် ရုရှားက ဥရောပသမဂ္ဂကို အပြစ်တင်ခဲ့ပြီး နယ်စပ်ကိုပိတ်ပစ်ရန် စီစဥ်ခြင်းဖြင့် ဘီလာရုစ်ကို အကျပ်ရိုက်စေရန် ကြိုးစားနေကြောင်း စွပ်စွဲခဲ့ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ ဘီလာရုစ်အစိုးရနဲ့ တိုက်ရိုက် ပြောဆိုဆွေးနွေးရန်လည်း ရုရှားက တိုက်တွန်းထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။