ထမင်းကြော်ကောင်းကောင်းကြိုက်သူတွေအတွက် သမိုင်းလမ်းဆုံနားကလက်ရာကောင်းလှတဲ့ထမင်းကြော် ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ရွှေဆိုင်နဲ့စားသောက်ဆိုင်လုပ်ငန်းကနေ လုပ်ငန်းပြောင်းပြီး ထမင်းကြော်ဆိုင်ပြောင်းဖွင့်ခဲ့ရာကနေအောင်မြင်မှုရရှိခဲ့တဲ့ဒီဆိုင်လေးကတော့ သမိုင်း333ထမင်းကြော် ဆိုင်လေးပါ။
သမိုင်း 333ထမင်းကြော်ဆိုင်လေးရဲ့အစ
ဒီဆိုင်လေးကိုတော့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်(၂၀၁၀)ပြည့်နှစ်ကစတင်ဖွင့်လှစ်ခဲ့တာပါ။ အချက်အပြုတ်ဝါသနာ ပါတဲ့ခင်ပွန်းဖြစ်သူရဲ့ စိတ်ကူးကနေစတင်ခဲ့တဲ့ဆိုင်လေးဟာ အခုဆိုရင်တော့စားသုံးသူတွေကြားမှာမှတ်ချက် ကောင်းတွေနဲ့နာမည်ရတဲ့ထမင်းကြော်ဆိုင်လေးအဖြစ်ရပ်တည်နေပါတယ်။ စဖွင့်ထဲက စားသုံးသူတွေရဲ့လက်ခံ အားပေးမှုကိုရရှိခဲ့ပြီးအချိန်တိုအတွင်းမှာပဲ သမိုင်းလမ်းဆုံရဲ့ နာမည်ကြီးထမင်းကြော်ဆိုင်လေးဖြစ်လာတာပါ။ ထမင်းကြော်တစ်ခါပြင်(၈၀၀)ကျပ်နဲ့စတင်ရောင်းချခဲ့ပြီး တစ်ရက်ကို သုံးသောင်း၊လေးသောင်းဖိုးရောင်းချရတဲ့ ဆိုင်လေးကနေလက်ရှိမှာတော့တစ်ရက်ကို ခုနှစ်သိန်းဖိုးလောက်ရောင်းချရတဲ့အထိစားသုံးသူတွေရဲ့ အသိမှတ်ပြုမှုကိုရရှိတဲ့ဆိုင်လေးပါ။
“တခြားလုပ်ငန်းလေးတွေအရင်ကလုပ်တယ်။ သိပ်အဆင်မပြေခဲ့ဘူး။ အဲ့ဒါနဲ့ဒီနေရာမှာပဲ မုန့်ဟင်းခါးဆိုင်လေး စဖွင့်တယ်။အဲ့ကနေမှအမျိုးသားကနေ ထမင်းကြော်ဆိုင်လေးဖွင့်ကြမယ်ဆိုပြီး စဖွင့်ခဲ့ကြတာ စဖွင့်ထဲကရောင်း ကောင်းတယ်အကျိူးပေးတဲ့အလုပ်လေးလို့ပြောလို့ရတယ်။စဖွင့်တုန်းကတော့ အန်တီတို့ကညကိုးနာ ရီမှဆိုင်ဖွင့်ပြီး ညတစ်နာရီနှစ်နာရီလောက်ထိရောင်းတာ။ စရောင်းခါစက တစ်ရက်ကိုဆန်သုံးပြည်လေးပြည် လောက်ပဲကုန်ခဲ့တာ အဲ့ကနေမှတစ်ရက်ကိုဆန်အပြည်(၂၀)လောက်ထိကိုရောင်းရတယ်။”လို့ သမိုင်း 333ထမင်းကြော်ဆိုင်ရှင် မခိုင်ကပြောပါတယ်။
333ထမင်းကြော်ဆိုင်ရဲ့နာမည်ကြီးဝက်ပေါင်းဟင်း
သမိုင်း333ထမင်းကြော်ဆိုင်လို့ပြောလိုက်တာနဲ့ နူးအိနေပြီး မအီပဲစားကောင်းလှတဲ့ဝက်သုံးထပ်သားဟင်းကို တွဲဖက်မြင်ကြမှာပါ။ဝက်သုံးထပ်သားကိုခပ်ကြီးကြီးတုံးထားပြီး သေချာချက်ပြုတ်ထားတဲ့ဝက်ပေါင်းဟင်း ကတော့ မြင်လိုက်တာနဲ့ဝက်သားကြိုက်သူတွေကိုစွဲဆောင်နေတဲ့နာမည်ကြီးဟင်းပါ။ဒီလိုအရသာကောင်းတဲ့ ဝက်ပေါင်းဟင်းတစ်ခွက်ဖြစ်ဖို့အချိန်နှစ်နာရီလောက်အရသာ၀င်အောင်နှပ်ထားပြီးမှ ချက်ပြုတ်ရတာ ဖြစ်ပါတယ်။
“ဝက်ပေါင်းဟင်းကတော့ အန်တီတို့ဆိုင်မှာနာမည်ကြီးပဲ ဝက်ပေါင်းဟင်းနဲ့ထမင်းကြော်စားချင်လို့ သမိုင်းနဲ့ဝေးတဲ့နေရာတွေကပါတကူးတကလာစားကြတယ်။ တစ်ချို့ဖောက်သည်တွေဆို နိုင်ငံခြားကပြန်လာရင် လေဆိပ်ကနေအိမ်မပြန်ပဲတန်းလာစားကြတယ်။ကိုယ့်ဖောက်သည်တွေက အဲ့လိုသတိတရရှိတော့ဝမ်းသာရတယ်လို့” သမိုင်း 333ထမင်းကြော်ဆိုင်ရှင် မခိုင်ကပြောပါတယ်။
(၁၀)နှစ်ကျော်ထိအရသာမပြောင်းလဲတဲ့ လျှို့ဝှက်ချက်
ဒီလိုစားသုံးသူတွေရဲ့ကြိုက်နှစ်သက်တဲ့အရသာမပြောင်းလဲဖို့အတွက် ဆိုင်မှာသုံးတဲ့ ဟင်းချက်စရာတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေရဲ့ အရည်အသွေးကို အမြဲဂရုစိုက်ခဲ့တာပါ။ဆိုင်စဖွင့်စဥ်ထဲက ကျင့်သုံးခဲ့တဲ့ ခံယူချက်အတိုင်း အောင်မြင်ဖို့ကြိုးစားရသလို အောင်မြင်မှုကိုရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက်ပိုကြိုစားခဲ့ ရတယ်လို့ဆိုပါတယ်။
“ဆိုင်စဖွင့်ထဲက လက်ရာအရသာအတိုင်းဖြစ်အောင်အမြဲကြိုးစားတယ်။ဆန်ဆိုလည်း ဆိုင်စဖွင့်ထဲသုံးတဲ့ တံဆိပ်ပဲသုံးတယ်။ဟင်းတွေအတွက်ဆိုလည်း ဝယ်နေကျဆိုင်တွေကနေပဲအခုထိဝယ်တယ်။ ပစ္စည်းကောင်းကောင်းကိုပဲသေချာဝယ်တယ်၊ဟင်းချက်တာလည်းအန်တီတို့အိမ်မှာစားသလိုပဲချက်ပြီးရောင်းတာ”လို့ မခိုင်ကပြောပါတယ်။
တစ်နှစ်တစ်ခါ စားသုံးသူတွေကို အလှူလုပ်တဲ့ဆိုင်လေး
ဒီဆိုင်လေးရဲ့ထူးခြားချက်တစ်ခုကတော့ တစ်နှစ်တစ်ခါ ဒီဇင်ဘာ၆ရက်နေ့ရောက်တိုင်း ဆိုင်မှာလာစားတဲ့ စားသုံးသူတွေကို အခမဲ့ကျွေးမွေးတာဖြစ်ပါတယ်။မင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေနဲ့ နှစ်စဥ်ကြွေးမွေးလာတာ(၇)နှစ်ရှိပြီလို့ သိရပါတယ်။အစကဘုန်းတော်ကြီးကျောင်းတွေမှာ မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အလှူအတန်းလုပ်ခဲ့ပေမယ့်စားသုံးသူတွေကိုကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ တစ်နှစ်တစ်ခါအခမဲ့ကျွေးမွေးတာပါလို့မခိုင်ကပြောပါတယ်။
ဒီဆိုင်လေးမှာတော့ ဝက်ပေါင်း၊ကြက်ပေါင်း၊ကြက်ကြော်၊ကြက်အူ၊ကြက်အသဲအမြစ်၊ဆိတ်ကလီစာ၊ ဆိတ်သား၊ငါးဖယ်၊ငါးသလောက်ပေါင်းကုန်းဘောင်ကြီးကြော်စတဲ့ဟင်းတွေရရှိပြီး ထမင်းကြော်မှာယူရင် ချည်ပေါင်ကြော်နဲ့ ကြက်သွန်ချဥ်လေးကို တွဲဖက်ထည့်ပေးပါတယ်။စျေးနှုန်းအနေနဲ့ကတော့ ဝက်ပေါင်းထမင်းကြော်တစ်ပွဲ(၃၀၀၀) ကျပ်ကြက်ပေါင်း၊ကြက်ကြော်နဲ့ဆိုရင်(၂၆၀၀)ကျပ်ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်တည်နေရာ
သမိုင်း 333ထမင်းကြော်ဆိုင်လေးကိုတော့ ရန်ကုန်အင်းစိန်လမ်းမပေါ်၊သမိုင်းလမ်းဆုံအနီးမှာဖွင့်လှစ်ထားပြီး ဆိုင်ဖွင့်ချိန်ကတော့ ညနေ (၆) နာရီကနေ ည (၁၀) နာရီခွဲဝန်းကျင်ထိဖြစ်ပါတယ်။ ထမင်းကြော်ကိုဝက်သားဟင်း နူးနူးအိအိလေးနဲ့တွဲဖက်စားသုံးရတာနှစ်သက်သူတွေအတွက် စိတ်ကြိုက်ဖြစ်စေမယ့်ဆိုင်လေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။
Share