မိန်းမကိုယ်မှိုစွဲတဲ့ပြဿနာကို အမျိုးသမီးတိုင်းခံစားရတတ်ကြပါတယ်။ မိန်းမကိုယ်ယားယံနေတာ၊ အဖြူဆင်းတာတွေက မှိုစွဲနေတာကြောင်းကိုပြသနေတဲ့ ရှေ့ပြေးလက္ခဏာလို့ ဆိုရပေမယ့် တခြားသောအကြောင်းတရားတွေလည်းများစွာရှိပါတယ်။ မိန်းမကိုယ်မှိုစွဲခြင်း ဘာကြောင့်ဖြစ်လဲ၊ ဘယ်လိုလက္ခဏာတွေပြလဲ၊ ပျောက်ကင်းအောင် ဘယ်လို ကုသရမလဲဆိုတာတွေကို သားဖွားနဲ့မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဥမ္မာသွင်က ပြောပြထားပါတယ်။
Photo : Freepik
မိန်းမကိုယ်မှိုစွဲခြင်းဘာကြောင့်ဖြစ်ရလဲ။
မိန်းမကိုယ် မှိုစွဲခြင်းဆိုတာက ကပ်ပါးမှိုပိုး ဝင်တာကြောင့် ဖြစ်ပါတယ်။ ဒီကပ်ပါးမှိုပိုးက အမျိုးသမီးတွေမှာဆိုရင် လည်ချောင်း၊ ပါးစပ်၊ အစာအိမ်အူလမ်းကြောင်းတွေမှာ သဘာဝအတိုင်းအမြဲရှိနေပြီး ဒုက္ခပေးတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ဟော်မုန်းများလာတဲ့အချိန် ခုခံအားကျလာတဲ့အချိန်မှာတော့ ကပ်ပါးမှိုပိုးက ပိုပြီးပွားလာပြီးတော့ ရောဂါလက္ခဏာတွေကိုပြလာတာကတစ်ဆင့် မှိုစွဲခြင်းဖြစ်လာရတာပါ။
မိန်းမကိုယ် မှိုစွဲခြင်းဖြစ်တတ်တဲ့အချိန်များ
- ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲချိန်
- ကိုယ်ဝန်ဆောင်ချိန်
- တားဆေးတွေသုံးစွဲနေချိန်
- ဆီးချိုမထိန်းနိုင်ချိန်
- ခုခံအားကျဆင်းချိန်
- HIV/AIDS ရောဂါခံစားနေရချိန်
- ပဋိဇီဝဆေးဝါးတွေသုံးစွဲနေချိန်တွေမှာဖြစ်ပေါ်နိုင်ပြီး အသက် (၄၀)ကျော်ပိုင်းရောက်လာတဲ့အခါမှာ ပိုပြီး သတိထားရမှာပါ။
Photo : Freepik
မှိုစွဲခြင်းလက္ခဏာများ
အမျိုးသမီးတွေမှာ အစောပိုင်း ဘာလက္ခဏာမှမပြသတတ်ပေမယ့် ရောဂါအခြေအနေ ဆိုးလာပြီဆိုရင်တော့
- မိန်းမကိုယ်အပေါ်ပိုင်းနဲ့ အတွင်းပိုင်းယားယံလာခြင်း။
- ဒိန်ချဉ်လိုအဖြူဖတ်ဆင်းခြင်း။
- မိန်းမကိုယ်နီရဲစပ်ဖျဉ်းလာခြင်း။
- ဆီးကျင်ခြင်း။
- အမျိုးသားနဲ့အတူနေချိန် နာကျင်ဝေဒနာကိုခံစားရခြင်း။
မိန်းမကိုယ်မှိုစွဲခြင်း ဘယ်လိုကုသရမလဲ။
- မှိုပိုးသေစေနိုင်တဲ့ ဆေးဝါးကို သောက်ဆေးအဖြစ်သောက်ပါ။
- မိန်းမကိုယ်အတွင်းထဲသို့ ဆေးတောင့်ထည့်ပါ။
- ခရင်မ်ကဲ့သလို့ လိမ်းဆေးလိမ်းပါ။ ဘယ်လိုနည်းလမ်းနဲ့ကုသရမလဲဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
Photo : Freepik
နေထိုင်မှုကို ဘယ်လိုဆင်ခြင်မလဲ။
အဓိကက ခန္ဓာကိုယ်မှာခုံခံအားကျဆင်းတာ၊ ဆီးချိုရောဂါသမားတွေမှာ အဖြစ်များစေတဲ့အတွက်
- ဆီးချိုသမားတွေ ဆီးချိုထိန်းပါ။
- စိတ်ဖိစီးမှုရှောင်ပါ။
- အစားအသောက်များများစားပါ။
- အိပ်ရေးဝအောင် အိပ်ပါ။
- ခုခံအားကောင်းမွန်အောင်နေထိုင်စားသောက်ပါ။
- ဆေးရည်၊ ရေနွေးတွေနဲ့ မိန်းမကိုယ်ကို ဆေးကြောတာမျိုးရှောင်ပါ။
- ရိုးရိုးဆပ်ပြာ၊ရိုးရိုးရေနဲ့သာဆေးပါ။
- မိန်းမကိုယ်ကိုခြောက်သွေ့အောင်ထားပါ။
- နိုင်လွန်သားနဲ့ တင်းကြပ်လွန်းတဲ့အတွင်းခံတွေ မဝတ်ပါနဲ့။
- ပွသောချည်ထည်အတွင်းခံကိုသာ ဝတ်ဆင်ပါ။
“ တစ်ခုသတိပြုရမှာက မိန်းမကိုယ်မှိုစွဲခြင်းက လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါမျိုးမဟုတ်ပါဘူး။ တစ်ခါမှလိင်ဆက်ဆံမှုမပြုဖူးတဲ့အမျိုးသမီးတွေအနေနဲ့လည်း အပေါ်က ပြောပြသွားတဲ့ မိန်းမကိုယ် မှိုစွဲခြင်းဖြစ်စေတဲ့အကြောင်းတစ်ခုခုနဲ့ဆက်စပ်နေတယ်ဆိုရလည်း ဖြစ်တတ်ပါတယ်”
ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံမှ သားဖွားနဲ့မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဥမ္မာသွင် မှ ဆွေးနွေးအကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။