Covide 19 ကြောင့် ရုပ်ရှင်ရုံတွေနဲ့ အခြားသောပွဲလမ်းသဘင်တွေကို ပိတ်သိမ်းလိုက်တာကြောင့် YBS ယာဉ်လိုင်းစီးနင်းသူတွေဟာ ယခင်ကထက် အထိုက်အလျှောက်လျော့နည်းသွားပေမယ့်လည်း YBS ယာဉ်တွေကို ပိုးသတ်ဆေးများဖြန်းကာ ပုံမှန်အတိုင်းပြေးဆွဲပေးနေတယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။
ပုံမှန်ပြေးဆွဲပေးနေရတဲ့ YBS ယာဉ်လိုင်းတွေမှတော့ Covid 19 ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။
“ YBSယာဉ်တွေကို စီးတဲ့ခရီးသည်တွေက အထိုက်အလျှောက်လျော့သွားတယ်။ ရုပ်ရှင်ရုံတွေပိတ်တယ်၊ ဘာပွဲတွေညာတွေပိတ်တဲ့အတွက် သွားလာမှုကလျော့သွားတယ်။ လုပ်ငန်းတွေက မရပ်ဆိုင်းသေးဘူး။ ဒီအတွက်သွားလာမှုတွေရှိနေအုံးမယ်။ ဒါကြောင့် ကျွန်တော်တို့ကားတွေက အင်အားပြည့် တစ်နေ့ကို အစီးရေ (၄၃၀၀)၊ (၄၅၀၀)ကို မလျော့ဘဲ ပုံမှန်ပြေးဆွဲပေးနေတယ်” လို့ ဦးလှအောင်ကပြောပါတယ်။
နေ့စဉ်ပြေးဆွဲနေတဲ့ YBS ယာဉ်တွေပေါ်မှာ ရောဂါကာကွယ်တဲ့ အနေနဲ့ ပိုးသတ်ဆေးဖြန်းတာကို ကားတွေမထွက်ခင်မှာ နေ့စဉ်လုပ်ဆောင်လျှက်ရှိပြီး ဒီကနေ့ မတ်လ(၂၀)ရက်နေ့မှာဆိုရင်လည်း YBS ယာဉ်တွေပေါ်မှာ ခရီးသည်တွေအတွက် Handgel ဘူးများကို တပ်ဆင်ပေးလျှက်ရှိပါတယ်။
မဖြစ်မနေ YBS ယာဉ်လိုင်းတွေကို ပြေးဆွဲပေးနေရတာကြောင့် ယာဉ်တွေပေါ်မှာ လူကြပ်တည်းမှုမဖြစ်ပွားအောင် ကားထွက်တဲ့အချိန်တွေကိုတော့ ပုံမှန်အချိန်ထက်ရှေ့တိုးပြီး ပြေးဆွဲပေးလျှက်ရှိတယ်လို့ သိရပါတယ်။