Apple မှာ အလုပ်လုပ်ချင်တဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးဟာ ကမ္ဘာ့အလုံခြုံဆုံး Apple ရဲ့ servers တွေထဲ ဝင်ရောက်ပြီး 90GB အထိ ရှိတဲ့ ဖိုင်တွေ ခိုးယူခဲ့ပါတယ်။
Photo: Quartz
သြစတြေးလျမှ ဒီလူငယ်ဟာ နိုင်ငံတကာ hacking အသိုင်းအဝိုင်းမှာ လူသိများသူတစ်ဦး ဖြစ်ပေမယ့် သူ့နာမည်ကိုတော့ သတင်းတွေမှာ ထုတ်ပြန်ပြောကြားခြင်း မရှိခဲ့ပါဘူး။ ဒီလူငယ်ဟာ သူ့ရဲ့ ID ကို ဖုံးကွယ်ဖို့VPNs နဲ့တစ်ခြား စနစ်တွေ သုံးခဲ့ပြီး Apple ရဲ့ ဆာဗာတွေကို တစ်နှစ်လောက် hack ခဲ့တာပါ။ သူရသွားတဲ့ အချက်အလက်တွေထဲမှာ ဘာတွေ ပါသလဲဆိုတာတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။
သူဟာ Apple ရဲ့ လုံခြုံရေးမြင့် ဆာဗာစနစ်ထဲ ဝင်ရောက်ဖို့ authorized keys တွေ access ရထားပြီး Apple နည်းပညာအဖွဲ့မှ သူ့ကို မရိပ်မိအောင် ဆာဗာထဲ အဆင့်ဆင့် ဝင်ရောက်ပြီး အချက်အလက်များ ဒေါင်းလုပ်ချပြီး ရယူခဲ့တာပါ။ Apple ဟာ နောက်ဆုံးမှာ ဒီဖောက်ထွင်းမှုကို သိသွားပြီး FBI ကို အကြောင်းကြားခဲ့ပြီး ဒီလူငယ်ကို ဖမ်းဆီးခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်က သြစတြေးလျရဲတပ်ဖွဲ့ဟာ သူ့ရဲ့ ကွန်ပျူတာာတွေထဲက နှစ်လုံးကို သိမ်းဆည်းခဲ့ပြီး ဒီကွန်ပျူတာတွေထဲမှာ Apple ဆာဗာတွေကို ဖောက်ထွင်းရယူတဲ့ အချက်အလက်တွေထည့်သွင်းထားတဲ့ hacky hack hack ဆိုတဲ့ folder တစ်ခုထဲမှာ တွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာ သြစတြေးလျတရားရုံးဟာ ရာဇဝတ်မှုမြောက်တဲ့ စွပ်စွဲချက်နဲ့သူ့ကို စစ်ဆေးနေပါတယ်။
တရားရုံးထွက်ဆိုချက်မှာတော့ သူဟာ Apple fan တစ်ယောက်ဖြစ်ပြီး ဒီကုမ္ပဏီမှာ အလုပ်လုပ်ခွင့် ရဖို့အိပ်မက် မက်ထားတယ်လို့လျှောက်ထားခဲ့ပါတယ်။ Apple ကတော့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်းမရှိခဲ့ပါဘူး။
Photo: Daily Mail
ဒီလူငယ်ကို Apple က အလုပ်ခန့်သွားမလားဆိုတာ စိတ်ဝင်စားစရာပါ။ တရားစီရင်ချက်ကိုတော့ လာမယ့် စက်တင်ဘာလမှာ အမိန့်ချသွားမှာ ဖြစ်ပါတယ်။