ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပြီး အနာဂတ်မရေမရာဖြစ်နေပေမယ့် အီမာဆင်ကတော့ ဟာဇက် အသင်းမှာ ဆက်ရှိနေမယ်လို့ ထင်မြင်နေပါတယ်။
ချယ်ဆီးအသင်း ကစားသမားတွေဟာ ရီးရဲမက်ဒရစ်အသင်းရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ အီဒင်ဟာဇက် ယခုရာသီကုန်မှာ စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာသွားမှာကို စိုးရိမ်နေကြောင်း အီမာဆင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့် ဟာဇက်ဟာ ယခုရာသီမှာ ချယ်ဆီးအသင်းအတွက် အကောင်းဆုံးပုံစံ ပြသနေသူဖြစ်ပြီး သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားသူ ဖြစ်ပါတယ်။ ဟာဇက်ဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့မယ့်သတင်းတွေထွက်ပေါ်ခဲ့တာ လွန်ခဲ့တဲ့နှစ်တွေကတည်းကဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက နည်းပြဇီဒန်းကို ပြန်လည်ခေါ်ယူခဲ့တာကြောင့် ပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာပြီလို့ ထင်မြင်နေကြတာဖြစ်ပါတယ်။
ဟာဇက်ဟာ နည်းပြဆာရီရဲ့ကစားပုံနဲ့ပတ်သက်ပြီး ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း မက်ဒရစ်အတွက် ကစားလိုတယ်လို့ ပြောကြားပြီး သဲလွန်စပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီမာဆင်က စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ဟာဇက် ဆက်လက်ရှိနေမယ်လို့ တိတ်တိတ်လေးယုံကြည်နေတာဖြစ်ပါတယ်။
“သူက ဘယ်လောက်အထိ အရေးကြီးလဲဆိုတာကို နေ့တိုင်း သူ ပြသပါတယ်”
“ကျွန်တော်တို့အသင်းမှာ အရည်အသွေးရှိတဲ့ကစားသမားတွေရှိတယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် သူက တခြားအဆင့်အတန်းတစ်ခုမှာရှိနေသူဖြစ်ပြီး ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ”
“ကျွန်တော့်တစ်ဦးတည်းအမြင်အရပြောရရင် သူ ထွက်ခွာသွားတာကို မြင်ရမယ်လို့မထင်ပါဘူး။ ဒါပေမယ့် ဘောလုံးမှာက ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ ချယ်ဆီးအသင်းပရိသတ်တွေလိုပဲ သူ ထွက်ခွာသွားမှာကို ကျွန်တော်တို့ ကြောက်ရွံ့နေပါတယ်။ သူ အသင်းမှာဆက်နေမယ်လို့ ကျွန်တော် ယုံကြည်နေဆဲဖြစ်ပြီး သူ့ကို ကျွန်တော်တို့ တကယ်ကို နေစေချင်ပါတယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။