ပုံမှန်ပွဲထွက်ခွင့်ရဖို့ စောင့်ဆိုင်းနေရသူပါ။

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ ပူလီဆစ်အနေနဲ့ ပွဲထွက်လူစာရင်းမှာ နေရာရချင်တယ်ဆိုရင် ချယ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အထင်ကြီးအောင် လုပ်ပြရမယ်လို့ ပြောကြားခဲ့ပေမယ့် ပူလီဆစ်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ အောင်မြင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပူလီဆစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ချယ်ဆီးအသင်းကို ပေါင် ၅၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုရာသီ ချယ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အစ ၆ ပွဲထဲမှာ ၃ ပွဲ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ယခုလအစောပိုင်းမှာ ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာတော့ ပူလီဆစ်ဟာ အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပြီး ပွဲထွက်ကစားခွင့် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

အမေရိကန်လက်ရွေးစင်တောင်ပံကစားသမား ပူလီဆစ်ဟာ ယခုအပတ်အစောပိုင်းမှာ ဂရင်စ်ဘီတောင်းအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကရာဘောင်ဖလားပွဲစဉ်မှာတော့ ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပူလီဆစ်ဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ ပွဲထွက်လူစာရင်းက ၎င်းရဲ့နေရာကို ထိန်းသိမ်းသွားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

“ကျွန်တော့်မှာ ရွေးချယ်စရာ တောင်ပံကစားသမား ၄ ဦး ရှိပါတယ်။ သူတို့အားလုံးက ကြံ့ခိုင်မှုပြည့်ဝနေပါတယ်”

“ခရစ်ရှန် သူ့အသက်က ၂၁ နှစ် ပြည့်သွားခဲ့တာကို ကျွန်တော်တို့ အားလုံး မေ့နေကြတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကြီးမားတဲ့ပြောင်းရွှေ့ကြေးကြောင့်ပါ။ သူက အရမ်းငယ်ရွယ်တဲ့အသက်အရွယ်မှာ ဒီကို ရောက်လာခဲ့တာပါ”

“အသင်းနဲ့ အသားကျဖို့ ကြိုးစားရမယ့်အချိန်အပိုင်းအခြားရှိလိမ့်မယ်လို့ မျှော်လင့်ထားတာက သာမန်ပဲဖြစ်ပြီး သူ လုပ်နေတာ အဲဒါပါပဲ”

“ရာသီကြိုမှာ သူ တကယ်ကောင်းမွန်တဲ့အခိုက်အတံ့တွေ ပြသခဲ့ပြီး ရာသီအစမှာလည်း ပြသခဲ့ပါတယ်”

“ဒါပေမယ့် သူ လုပ်ရမယ့်ဟာက ကစားသမားအားလုံးက တောင်ပံကစားသမားတင်မဟုတ်ဘဲ နေ့စဉ်လေ့ကျင့်ရေးမှာ အဆင့်တစ်ခုကို ရောက်ရှိဖို့ပါပဲ”

“ကျွန်တော်တို့ ခရစ်ရှန်ကို အသားကျဖို့အတွက် အချိန်နည်းနည်းပေးရပါမယ်။ ဘာလို့လဲဆိုတော့ သူက လူငယ်ဖြစ်နေတယ်။ လိဂ်အပြောင်းအလဲဖြစ်သွားတယ်။ နေထိုင်ပုံပြောင်းလဲသွားတယ်။ ကျွန်တော်တို့ သူ့ကို အဲဒီဟာတွေအားလုံးမှာ အထောက်အပံ့ပေးရမှာဖြစ်ပြီး သူ့ရဲ့ပါရမီက ပေါ်ထွက်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။


Share

Loading Next Article...
က္က