အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရရှိနိုင်သေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့ အခြေအနေတစ်ခုကို ပရိသတ်တစ်ဦးက ရှာတွေ့ခဲ့ပါတယ်။
အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲခရီးလမ်းဟာ ဟာရီ ကိန်းက ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီး ပြင်သစ်က ချူအာမေနီ၊ ဂျီရူးတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကြေကွဲဖွယ်အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းကို ၂-၀ နဲ့ အနိုင်ယူနိုင်ခဲ့ပြီး တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ခရိုအေးရှားကို အနိုင်ယူခဲ့တဲ့ အာဂျင်တီးနားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း တွစ်တာအသုံးပြုသူတစ်ဦးက အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်လာနိုင်သေးတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အခြေအနေတစ်ခုကို ရှာတွေ့ခဲ့တာဖြစ်ပြီး အင်္ဂလန်ပရိသတ်တွေအတွက်တော့ ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ "ကိုယ့်လူတို့။ ပွဲက မပြီးသေးဘူး။ တကယ်လို့ ခရိုအေးရှားနဲ့ မော်ရိုကိုတို့ တစ်ဖက်ကို ၄ ယောက်စီ အထုတ်ခံရရင် ပွဲက အပြီးမသတ်နိုင်ဘဲ ရလဒ်ကလည်း မထွက်နိုင်ဖြစ်မယ်။ ဒါတင်မကသေးဘဲ ဗိုလ်လုပွဲမှာပဲ ဒီတိုင်းဖြစ်မယ်ဆိုရင် ဆုဖလားက စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာအကောင်းဆုံးမှတ်တမ်းရှိတဲ့ ကွာတားဖိုင်နယ်က အသင်းက ရလိမ့်မယ်"လို့ အဒမ် ဒက်ဗ်လင်လို့ အမည်ရတဲ့လူက ရေးသားခဲ့တာဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်က အင်္ဂလန် ပရိသတ်တွေဟာ လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြပြီး ပရိသတ်တစ်ဦးက "အဲဒီတော့ ခင်ဗျားပြောချင်တာက အခွင့်အရေးကတော့ ရှိသေးတယ်ပေါ့"လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "အပျက်သဘောဆောင်တဲ့ ဂါးရတ် ဆောက်ဂိတ်က တစ်နေရာရာမှာတော့ မဟာဗျူဟာမြောက် ကျွမ်းကျင်တာရှိမယ်လို့တော့ ငါ သိခဲ့တယ်။ ဘာလို့လဲဆိုတော့ လူစာရင်းရွေးချယ်မှုမှာ မဟုတ်တာ ကျိန်းသေလို့လေ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အဒမ် ဒက်ဗ်လင်ပြောသလို ဖြစ်ဖို့ဆိုတာ တော်တော်လေးကို ခဲယဉ်းတဲ့ကိစ္စဖြစ်တယ်လို့ ပြောရမှာဖြစ်ပေမယ့်လည်း ဘောလုံးကွင်းထဲမှာ မဖြစ်နိုင်ဘူးဆိုတာတွေကို မြင်တွေ့ခဲ့ရဖူးတဲ့အတွက် လုံးဝ ဖြစ်မလာနိုင်ဘူးလို့လည်း တစ်ထစ်ချ ပြောလို့မရနိုင်တာဖြစ်ပါတယ်။