ဂျပန်နိုင်ငံမှာ ကူးစက်မှုအသစ်များ လျော့နည်းလာပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဝန်ထုပ်ဝန်ပိုး လျော့ကျလာပြီဖြစ်ရာ COVID-19 အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို ဒေသအားလုံးမှာ စက်တင်ဘာ ၃၀ ရက်နေ့မှစပြီး ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။
ယခုအစီအစဥ်ကို အစိုးရအကြံပေးအဖွဲ့က ထောက်ခံထားပြီး ခြောက်လအတွင်း ဂျပန်တစ်နိုင်ငံလုံးမှာ ကပ်ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေ ပထမဆုံးအကြိမ် ရုပ်သိမ်းမှုလည်းဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ယာဆူတိုရှီ နီရှီမူရာက ပြောပါတယ်။ ဂျပန်ဝန်ကြီးချူပ် ယိုရှီဟီဒါဆူဂါက တစ်နိုင်ငံလုံး COVID-19 အရေးပေါ်အခြေအနေ ရုပ်သိမ်းမယ့်ဆုံးဖြတ်ချက်ကို ယနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။
(စီးပွားရေးဝန်ကြီး ယာဆူတိုရှီ နီရှီမူရာ) (Photo: Issei Kato/Reuters)
အရေးပေါ်အခြေအနေ ရုပ်သိမ်းသွားမှာဖြစ်ပေမဲ့ ကူးစက်မှုတွေ ပြန်လည်မြင့်တက်မလာစေရန် လူဦးရေများပြားစွာ ပါဝင်တက်ရောက်မယ့် အခမ်းအနားတွေကိုတော့ နောက်ထပ် တစ်လခန့် ကန့်သတ်ထားမယ်လို့ ဝန်ကြီး ယာဆူတိုရှီ နီရှီမူရာက ပြောပါတယ်။ "အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီးရင် ကူးစက်မှုအသစ်တွေ မြင့်တက်လာမှာ သေချာပါတယ်" လို့ ဂျပန်နိုင်ငံ ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ကို ကြီးကြပ်နေတဲ့ စီးပွားရေးဝန်ကြီးက ဆိုပါတယ်။
"ကူးစက်မှုတွေ ပြန်မြင့်တက်မလာအောင် လိုအပ်တဲ့ စီမံဆောင်ရွက်ချက်တွေ ဆက်လုပ်ဖို့လိုပါတယ်၊ တစ်ကယ်လို့ ကူးစက်မှုတွေ ပြန်မြင့်တက်လာရင် ပိုမိုကန့်သတ်မှုတွေ ပြန်လုပ်ရနိုင်ပါတယ်" လို့လည်း ၎င်းက သတိပေးခဲ့ပါတယ်။ ဂျပန်မှာ ကပ်ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားစဥ် စားသောက်ဆိုင်တွေကို ည ၈ နာရီ ပိတ်ရပြီး အရက်ရောင်းချခွင့် မရှိပါဘူး။
(တိုကျိုမြို့တွင်း မြင်ကွင်းတစ်ခု) (Photo: Kiichiro Sato/AP)
အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီးနောက် အစိုးရက ခွင့်ပြုချက်ပေးတဲ့ စားသောက်ဆိုင်တွေဟာ ည ၉ နာရီအထိ ဖွင့်လှစ်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ အရက်ရောင်းချခွင့်ကိုတော့ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ ကန့်ကွက်မှုမရှိတဲ့ နေရာအားလုံးမှာ ပြန်လည်ခွင့်ပြုမယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးထိုးရန် အကျုံးဝင်တဲ့ ဂျပန်လူဦးရေ ၆၀ ရာခိုင်နှုန်းက COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်ကြောင်းနဲ့ ကာကွယ်ဆေးထိုးရန် ဆန္ဒရှိသူအားလုံးကို နိုဝင်ဘာလ နောက်ဆုံးထားပြီး ထိုးပေးသွားမယ်လို့ အစိုးရက ပြောထားပါတယ်။ ဂျပန်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁.၇ သန်းနီးပါးနဲ့ သေဆုံးသူ ၁၇,၄၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။