နိုင်ငံရေး မတည်မငြိမ်မှုနဲ့ စီးပွါးရေးအကြပ်အတည်းတွေကြားမှာ ဒေါ်လာစျေးနှုန်း၊ ရွှေစျေးတဟုန်ထိုးမြင့်တက်လာမှုနဲ့အတူ အခြေခံစားသောက်ကုန်စျေးနှုန်းတွေက လိုက်ပါ မြင့်တက်သွားခဲ့ပါတယ်။
ဒေါ်လာစျေး ၊ ရွှေစျေးထက် အခြေခံစားသောက်ကုန်စျေးနှုန်းတွေမြင့်တက်လာခြင်းက ပြည်သူလူထုအတွက် အခက်အခဲတစ်ခု ဖြစ်လာနေပါတယ်။
“ ကုန်စျေးနှုန်းက ကျန်တာမပြောနဲ့ အခု ကန်စွန်းရွက်တစ်စည်းတောင် ၂၀၀ ပေးရတယ်။ အရင် ကန်စွန်းရွက်ဆိုတာ (၂၀၀)ဖိုး (၃)စည်း၊ အခု (၃)စည်း ၅၀၀။ ဆန်၊ဆီ အကုန်စျေးတက်တာပေါ့။ ဒီကာလက အလုပ်အကိုင်ပါးတဲ့အချိန်၊ဝင်ငွေနည်းတဲ့အချိန်။ ကုန်စျေးနှုန်းက အခုလို ထိုးတက်တော့ ပုံမှန်ဝင်ငွေရှိတဲ့ မိသားစုတောင် အဆင်မပြေနိုင်ဘူး။ စျေးတစ်ခါသွားရင် အဓိက လိုအပ်တာလောက်ပဲဝယ်လာတယ်။ တစ်ခါတစ်လေ ရပ်ကွက်ထဲ လာရောင်းတဲ့ စျေးကားတွေနေပဲ ဝယ်ဖြစ်တယ်။ အရမ်းချွေတာတာမျိုး မဟုတ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်အောင်တော့ စားပါတယ်။ မရှိတဲ့ အခြေခံလူတန်းစားတွေအတွက်ဆို လက်ရှိကုန်စျေးနှုန်းက နေ့စဉ်စားဝတ်နေရေးတွက် တော်တော်လေး ခက်ခဲနိုင်လောက်တယ်” လို့ အိမ်ရှင်မတစ်ဦးက လက်ရှိကြုံတွေ့နေရတဲ့ ကုန်စျေးနှုန်း အခြေအနေနဲ့ပတ်သက်ပြီး Duwun ကိုပြောပါတယ်။
မဖြစ်မနေစားရတဲ့ စားသောက်ကုန်တွေ မြင့်တက်လာပေမဲ့ ဝင်ငွေက နည်းပါးလာတဲ့အခါ လူထုအနေနဲ့ စားသုံးမှုကို စိစစ်လာပြီး အသုံးစရိတ်နဲ့ ဝယ်ယူတဲ့ပမာဏကို များစွာလျှော့ချလာကြပါတယ်။
“ ရောင်းတာကတော့ ရောင်းရပါတယ်။ ဘာလို့လဲဆို ဒီစားသောက်ကုန်တွေက မဝယ်လို့လည်း မရတော့ စားဝတ်နေရေးအတွက် မဖြစ်မနေ ဝယ်နေကြတာပါပဲ။ အစ်မတို့အနေနဲ့ ကတော့ ရောင်းရတဲ့ငွေအင်အားတော့ လျော့သွားတာပေါ့။ ပုံမှန်ဝယ်နေကျထက် လျှော့ဝယ်လာကြတယ်။ အရင်ဆို တစ်ရက် (၃) (၄) သိန်းအထက်ရောင်းရတယ်။ အခုကတော့ တစ်ရက် (၂)သိန်း ဝန်းကျင်လောက်ပဲ ရောင်းအားရှိတယ်” လ်ို့ ကုန်ခြောက်ဆိုင်ဖွင့်လှစ်ထားတဲ့ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလောက်ကစလို့ နိုင်ငံတွင်း ဒေါ်လာစျေး၊ ရွှေစျေးနှုန်းတွေ အဆမတန်မြင့်တက်လာခြင်းနဲ့အတူ ပြည်ပက တင်သွင်းရတဲ့ စက်သုံးဆီနဲ့ အသုံးအဆောင် စားသောက်ကုန်တွေအပြင် ပြည်တွင်းထွက် စားသောက်ကုန်စျေးနှုန်းလည်း သိသိသာသာမြင့်တက်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာ တစ်ပတ်အတွင်း ဒေါ်လာစျေး၊ ရွှေစျေးနှုန်းတွေ အကျဘက်ကို ရောက်လာပေမဲ့လည်း သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ စက်သုံးဆီစျေးက သိသိသာသာကျဆင်းလာခြင်းမရှိဘဲ ကုန်စျေးနှုန်းကလည်း တက်စျေးအတိုင်းပဲ ရှိနေတုန်းပါ။
မြန်မာလူထုအတွက် နေ့စဥ်မစားမဖြစ် စားရတဲ့ ဆန်ဟာဆိုရင် ယခင် စျေးနှုန်းထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်နေပြီဖြစ်ပါတယ်။
“ အစ်မတို့ဆီကတော့ တစ်ဦးချင်းအဝယ်ထက် တစ်ဆင့်ပြန်ရောင်းတဲ့ဆိုင်တွေက ယူတာများတယ်။ လက်ကားဖြန့်တာပေါ့။ လက်ကားဖြန့်တာဆိုတော့ အရင်ကတည်းက ဆန်၊ ဆီကတော့ ဂိုဒေါင်လိုက် ပုံးလိုက်ဝယ်ထားတာတွေရှိတယ်။ အရင်ပေါက်စျေးနဲ့ စုထားတာပေါ့။ အဲဒီတုန်းကဆို ဆန်တစ်ပြည်မှ အမြင့်ဆုံး (၁၆၀၀) (၁၇၀၀) စျေး၊ ပေါ်ဆန်းဆန်၊ အခု ပေါ်ဆန်းဆန် တစ်ပြည်ကို (၂၂၀၀)(၂၃၀၀)တွေဖြစိကုန်ပြီ။ ဆီဆိုလည်း အဲလိုပဲ အစားစားပေါ့ အခုဆို အမျိုးအစားအလိုက် တစ်ပိဿာကို ထောင်ကျော်ထိတက်သွားတယ်။ အရင်က ကြိုသိုလှောင်ထားတဲ့စျေးနဲ့ အခုစျေးနဲ့ဆိုရင်တော့ အရမ်းကွာသွားပြီ။ ပြောရရင် မရှုံးဘူးပေါ့။ တတ်နိုင်သလောက် အများနဲ့ယူတဲ့သူကိုလည်း အများစျေးနဲ့ အရမ်းစျေးမတင်ဘဲရောင်းပေးတယ်။ ကိုယ့်ဆီကစပြီး စျေးအရမ်းများရင် သူတို့လည်းတစ်ဆင့်ပြန်ရောင်းရတော့ မကိုက်ဘူးလေ” ဆိုပြီး ဆန်ဆီဆားနဲ့ အခြေခံစားသောက်ကုန်တွေကို လက်ကားရောင်းချပေးနေတဲ့ ကုန်သည်တစ်ဦးကပြောပါတယ်။
တစ်ဒေါ်လာ ၂၇၀၀ အထိတက်သွားတဲ့ ဒေါ်လာစျေးနဲ့ တစ်ကျပ်သား သိန်း ၂၀ ကျော်အထိ ပေါက်စျေးရှိခဲ့တဲ့ ရွှေစျေးတွေဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကစပြီး တဖြေးဖြေးကျဆင်းလာပြီဖြစ်ကာ ဒီကနေ့ ပေါက်စျေးကတော့ တစ်ဒေါ်လာကို (၁၈၈၀)ကျပ်ဝန်းကျင်ရှိနေပြီး ရွှေစျေးတစ်ကျပ်သားကို (၁၈)သိန်းဝန်းကျင်ရှိနေပါတယ်။
အခြေခံစားသောက်ကုန်စျေးနှုန်းတွေကတော့ ပြန်လည်ကျဆင်းခြင်းမရှိဘဲ အသားငါး တစ်ပိဿာကို ကျပ်တစ်သောင်းအထက်၊ ဆန်တစ်ပြည် (၁၃၀၀)ကျပ်ဝန်းကျင်မှ (၂၀၀၀)ကျော်အထိရှိနေပြီး ဆီတစ်ပိဿာကို အမျိုးအစားလိုက် (၅၀၀၀)ကျပ်ကနေ (၁၀၀၀၀) ကျပ်အထိ ပေါက်စျေးရှိနေတာပဲဖြစ်ပါတယ်။
Share