ဖျားနာသူ(၁၀)ယောက်မှာ (၃)ယောက်နှုန်းက ကိုဗစ်ပိုး​တွေ့ရှိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခု ရက်သတ္တပတ် ပုံမှန်ထက်အအေးပိုလာတဲ့ကာလမှာ ရာသီတုပ်ကွေးကြောင့်ဖျားနာတဲ့သူတွေများလာလျှက်ရှိပါတယ်။ 

ဖျားနာတဲ့သူတွေအနေနဲ့ ဆေးခန်းရောက်လာကြတဲ့အခါမှာ အပူရှိန် မြင့်တက်ကာ အဖျားပြင်းလျှက်ရှိပြီး ကိုဗစ်ပိုးစစ်လိုက်တဲဲ့အခါ (၁၀)ယောက်မှာ (၃)ယောက်နှုန်းက ကိုဗစ်ပိုးတွေ့ရှိကာ ကျန်လူနာတွေကတော့ သာမန်ရာသီတုပ်ကွေးအဖျားပိုးသာတွေ့ရှိရတယ် သိရပါတယ်။



“ အခု တစ်ပတ်အတွင်းမှာပဲ လူနာပိုစိတ်လာတယ်လို့ပြောရမယ်။ တစ်ရက်ကို (၆)ယောက် (၇)ယောက်တော့ လာပြတယ်။ လာလိုက်ရင်လည် အပြင်းဖျားနေတဲ့သူတွေချည်းပဲ။ အပူရှိန်က (၁၀၀)၊ (၁၀၁)လောက်ထိကိုတက်နေတာ။ ကိုဗစ်စစ်ကြည့်လိုက်ရင် (၁၀)ယောက်မှာ (၃)ယောက်နှုန်းလောက်ကတော့ ကိုဗစ်တွေ့ရတယ်ပေါ့နော်။ အခုချိန်က ကိုဗစ်ကလည်း ကူးစက်မှုတွေလည်းရှိနေသေးတယ်။ ရာသီအကူးအပြောင်းကာလဆိုတော့ ရာသီတုပ်ကွေးဖြစ်ပွါးမှုတွေလည်းရှိတော့ ဂရုစိုက်ဖို့တော့လိုတာပေါ့။ ဖျားလို့ (၃)ရက်လောက်မှ မပျောက်ရင် ကိုဗစ်စစ်ကြည့်ပါ။ သာမန်ရာသီတုပ်ကွေးဖျားနာမှုကတော့ (၃)(၄)ရက်နေရင် ပျောက်တယ်”လို့ ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ထားတဲ့ ဒေါက်တာချမ်းသာက Duwun ကို ပြောပါတယ်။

ဖျားနာသူတွေထဲမှာ အသက်အရွယ်အလိုက် ကလေးငယ်တွေလည်း ပါဝင်ပြီး ကလေးတွေကိုတော့ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားခြင်း ဟုတ်/မဟုတ်ကို အဓိကထား စစ်ဆေးပေးလျှက်ရှိတယ်လို့ သိရပါတယ်။

“ ပုံမှန်တော့ နေ့စဉ်လူနာတွေလာပြကြတာရှိတယ်။ အဓိက ဖျားနာလူနာတွေပေါ့နော်။ ကလေးတွေဆိုရင်လည်း မိဘတွေက စိုးရိမ်တကြီးနဲ့ လာပြကြတာ သွေးလွန်တုပ်ကွေးဖြစ်မှာစိုးလို့။ သာမန်ရာသီတုပ်ကွေးအဖျားမျိုးတွေသာတွေ့ရပါတယ်။ အခုချိန်က ကိုဗစ်ကူးစက်မှုတွေလည်း ရှိနေသေးတော့ ဖျားနာတဲ့အခါမပေါ့ဖို့တော့လိုတယ်။ ဆေးရုံဆေးခန်းသွားမှမဟုတ်ဘူး အဖျားရက်ရှည်လာရင်တော့ ကိုဗစ်ပိုး ရှိ/မရှိကိုလည်း စစ်ဆေးသင့်တယ်”လို့ အထွေထွေအထူးကု ဆရာဝန်တစ်ဦးမှပြောပါတယ်။

သာမန်ရာသီတုပ်ကွေးရောဂါကလည်း ကူးစက်ရောဂါဖြစ်တာကြောင့် တစ်အိမ်မှာတစ်ယောက်ဖျားပြီဆိုတာနဲ့ လူနာကို မိသားစုဝင်တွေနဲ့ခွဲပြီး သီးသန့်နေထိုင်ခိုင်းသင့်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း နိုင်ငံတွင်းကိုဗစ်ကူးစက်မှုတွေရှိနေသေးသလို နိုင်ငံတကာမှာလည်း အိုမီခရွန်ဗိုင်းရပ်စ် ပိုးသစ်ကူးစက်မှုတွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ကတော့ ကိုဗစ်ကာကွယ်ရေးနည်းလမ်း လုပ်ငန်းစဉ်တွေကို ပုံမှန်တိုင်း ဂရုတစိုက်လုပ်ဆောင်သင့်တယ်လို့ ဆရာဝန်တွေက အကြံပြုပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က