ဘာစီလိုနာကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ နေမာနဲ့ မက်ဆီတို့ ၂ ဦးစလုံးဟာ ယခုလာမယ့်နွေရာသီမှာ ပီအက်စ်ဂျီကို စွန့်ခွာနိုင်တယ်လို့ ပြင်သစ်က သတင်းတွေအရ သိရပါတယ်။
လီယွန်နယ် မက်ဆီဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီက အာဂျင်တီးနားကြယ်ပွင့်ကို ၂၀၂၂ ကမ္ဘာ့ဖလားအပြီးတုန်းက ကာလရှည်စာချုပ်သစ် ချုပ်ဆိုချင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ တစ်ဖက်က နေမာရဲ့ ပီအက်စ်ဂျီနဲ့ အနာဂတ်ကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ မရေမရာဖြစ်လာခဲ့တာဖြစ်ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ ဘရာဇီးလ်တိုက်စစ်မှူးကို နွေရာသီမှာ ရောင်းထုတ်သွားနိုင်တယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ ၂၀၂၅ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပေမယ့်လည်း စနေနေ့က မိုနာကိုအသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်းမှာ စကားများခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းဖော် ခီလီယန် အမ်ဘာပေနဲ့လည်း တင်းမာတဲ့ ဆက်ဆံရေးရှိတယ်လို့ ယုံကြည်ရပြီး Footmercato ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ လက်ရှိမှာ နေမာကိုရော မက်ဆီကိုပါ ယခုရာသီကုန်မှာ ထွက်ခွာခွင့်ပေးသွားချင်တဲ့ စိတ်ကူးရှိနေပြီလို့ သိရပါတယ်။
နေမာဟာ ဂယ်လ်တီယေးရဲ့အသင်းဟာ ၂ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပီအက်စ်ဂျီအားကစားဒါရိုက်တာ လူးဝစ္စ ကမ်းပို့စ်နဲ့ အပြင်းအထန် အငြင်းပွားခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ကတော့ ဘောလုံးမှာ အမြင်မတူတာတွေရှိတတ်တာကြောင့် ဆွေးနွေးမှုတွေက အသင်းကို တိုးတက်အောင် အကူအညီဖြစ်စေနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။