မူလထွက်ပေါ်ခဲ့တဲ့သတင်းများအရတော့ ဘာစီလိုနာက ကနဦးအနေနဲ့ အငှားခေါ်ယူဖို့ ချယ်လ်ဆီးကို ကမ်းလှမ်းထားပြီး နောက်ရာသီမှာ ပေါင်သန်း ၇၀ နဲ့ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီချက်ကို ထည့်သွင်းသွားမယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဖိလစ်ပီကော်တင်ဟိုကို ပရီးမီးယားလိဂ်ဆီ ပြန်လည်ခေါ်ယူနိုင်ဖို့ တော်တော်လေးနီးစပ်တဲ့အနေအထားကို ရောက်ရှိနေကြောင်း စပိန်သတင်းစာများက ဖော်ပြသွားခဲ့ကြပါတယ်။ ဘရာဇီးလ်ကွင်းလယ်ဖန်တီးရှင်ဟာ လီဗာပူးလ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရသူလည်းဖြစ်ပါတယ်။
ဘာစီလိုနာမှာ တစ်ရာသီခွဲကစားခဲ့ပြီးနောက် ကော်တင်ဟိုကို အသင်းက ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားချခဲ့ပါတယ်။ ဘိုင်ယန််အတွက် ကော်တင်ဟိုက သွင်းဂိုး ၈ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပေမယ့် ရာသီကုန်မှာ ပေါင် ၁၀၅သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ဘိုင်ယန်မြူးနစ်က ငြင်းဆန်ခဲ့လို့ ရာသီကုန်မှာ ဘာစီလိုနာကို ပြန်လည်သွားရောက်ရမှာလည်းဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ကစားသမားကလည်း ပုံမှန်ကစားခွင့်ရရှိနိုင်မယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်နေပြီး ချယ်လ်ဆီးနဲ့ သဘောတူညီမှုရရှိဖို့ တော်တော်လေးနီးစပ်နေပြီလို့ စပိန်သတင်းဌာန SPORT က ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြလမ်းပတ်က နောက်ရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့အတွက် ကော်တင်ဟိုက အရေးပါတဲ့ ကစားသမားလို့ ယုံကြည်နေပါတယ်။
ဘာစီလိုနာကတော့ ကော်တင်ဟိုကို ပေါင်သန်း ၇၀ လောက်ရရှိမယ်ဆိုပါက ရောင်းချသွားဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ အင်တာမီလန်တိုက်စစ်မှူးမာတီနက်ဇ်နဲ့ တိုက်စစ်မှူးဟောင်းနေမာတို့ကို ပြန်လည်ခေါ်ယူနိုင်ဖို့ ဘာစီလိုနာက ကြိုးစားနေပြီး ငွေကြေးရရှိဖို့အတွက် ကော်တင်ဟိုကို ရောင်းချသွားမှာလည်းဖြစ်ပါတယ်။
မူလထွက်ပေါ်ခဲ့တဲ့သတင်းများအရတော့ ဘာစီလိုနာက ကနဦးအနေနဲ့ အငှားခေါ်ယူဖို့ ချယ်လ်ဆီးကို ကမ်းလှမ်းထားပြီး နောက်ရာသီမှာ ပေါင်သန်း ၇၀ နဲ့ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီချက်ကို ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ အပြီးသတ်ခေါ်ယူမှုပြုလုပ်ဖို့ကိုသာ ချယ်လ်ဆီးက ကြိုးစားနေတယ်လို့ သိရပါတယ်။