ထူးခြားချက်တစ်ခုကတော့ ရက်ကလစ်ဖ်ဟာ ငယ်စဉ်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်း ပရိသတ်တစ်ဦးဖြစ်ပြီး ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတာပါပဲ။
ဗြိတိန်ဘီလျံနာတစ်ဦးဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ချယ်လ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဓာတုအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ရက်ကလစ်ဖ်ဟာ ကြယ်ဝချမ်းသာမှု ပေါင် (၂၁)ဘီလျံခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်။
ရက်ကလစ်ဖ်ဟာ ငယ်စဉ်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်း ပရိသတ်တစ်ဦးဖြစ်ပြီး ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။ ရက်ကလစ်ဖ်ဟာ ချယ်လ်ဆီးအသင်းရဲ့ တစ်ရာသီစာလက်မှတ်ကို ဝယ်ယူထားသူဖြစ်ပြီး သူ့ရဲ့နေအိမ်ကလည်း စတန်းဖို့ဒ်ဘရစ်ချ်ကွင်းအနီးနားမှာ တည်ရှိတယ်လို့လည်း သိရပါတယ်။
Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ ရက်ကလစ်ဖ်ဟာ ဆွစ်ဇာလန်ဘောလုံးကလပ် Lausanne အသင်းကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပြီး ချယ်လ်ဆီးကို ဝယ်ယူဖို့အတွက် နောက်ထပ်တစ်ကြိမ် ထပ်မံကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းကလည်း ရက်ကလစ်ဖ်ဟာ ချယ်လ်ဆီးကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် အေဘရာမိုဗစ်ဘက်က ငြင်းပယ်ထားခဲ့ပါတယ်။
နောက်ထပ်တစ်ကြိမ် ကြိုးစားမှုအနေနဲ့ ရက်ကလစ်ဖ်က ပေါင် (၂.၅)ဘီလျံနဲ့ ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာ ဗြိတိန်နိုင်ငံတွင်းကို ဝင်ရောက်ခွင့်ရရှိဖို့အတွက် ဗီဇာပိတ်ပင်ခံထားရတဲ့ အေဘရာမိုဗစ်ရဲ့ အသင်းအပေါ် အပြည့်အဝ မကိုင်တွယ်နိုင်မှုကို အခွင့်ကောင်းယူပြီး ရက်ကလစ်ဖ်က ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ အသင်းအနေနဲ့ ရလဒ်ပိုင်းလည်း ကျဆင်းနေသလို အပြောင်းအရွှေ့လည်း ပိတ်ပင်ခံထားရချိန်မှာ အချိန်ကိုက်အနေနဲ့ ရက်ကလစ်ဖ်က ကမ်းလှမ်းခဲ့တာပါ။
အေဘရာမိုဗစ်က ၂၀၁၃ ခုနှစ်မှာ ချယ်လ်ဆီးကို ဝယ်ယူခဲ့တာဖြစ်ပြီး သူ့လက်ထက်မှာ အသင်းကို ဥရောပ အင်အားကြီးအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပြီး အောင်မြင်မှုအများအပြားလည်း ရရှိစေခဲ့ပါတယ်။ ရက်ကလစ်ဖ်ရဲ့ နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းမှုအပေါ်ကို အေဘရာမိုဗစ်အနေနဲ့ ထပ်မံငြင်းပယ်သွားမလား၊ လက်ခံသွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။