အကောင်ပေါက်အရွယ်ကတည်းက လူတွေနဲ့အတူ ကြီးပြင်းလာခဲ့ကြတာပါ။

ဂေါ်ရီလာမျောက်ဝံနှစ်ကောင်က ၎င်းတို့ကို အကောင်ပေါက်အရွယ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ တောခေါင်းတွေနဲ့အတူ ဆယ်လ်ဖီရိုက်ရာမှာ ပို့စ်ပေးဟန်လုပ်နေပုံက အွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။

(Photo: Virunga National Park)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီရွန်ဂါအမျိုးသားဥယျာဉ် (Virunga National Park) ရှိ မိဘမဲ့ ဂေါ်ရီလာထိန်းသိမ်းရေးနေရာမှာ အဆိုပါ ဓာတ်ပုံကိုရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတွေ့ရတဲ့ ဂေါ်ရီလာနှစ်ကောင်ရဲ့ မိဘတွေကို တောရိုင်းတိရိစ္ဆာန် တရားမဝင် ခိုးသတ်သူတွေက သတ်ဖြတ်ခဲ့ကြပြီးနောက် ၎င်းတို့ကို ဗီရွန်ဂါအမျိုးသားဥယျာဉ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါတယ်။

ဂေါ်ရီလာနှစ်ကောင်က ၎င်းတို့ကို တွေ့ရှိခဲ့ရတဲ့ အကောင်ပေါက်အရွယ်မှစပြီး ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသူတွေရဲ့ အမူအရာအတိုင်း အတုခိုးသင်ယူခဲ့ကြတယ်လို့ အမျိုးသားဥယျာဉ် လက်ထောက်ညွှန်ကြားရေးမှူးက Innocent Mburanumwe က BBC Newsday ကို ပြောပါတယ်။

(Photo: Virunga National Park)

အဆိုပါ ဂေါ်ရီလာနှစ်ကောင်က တောရိုင်းတိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး တောခေါင်းတွေကို ၎င်းတို့ရဲ့ မိဘတွေလို့ ထင်မှတ်ထားကြကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ ဂေါ်ရီလာနှစ်ကောင်ရဲ့ မိခင်တွေဟာ ၂၀၀၇ ခုနှစ် ဇူလိုင်လအတွင်း သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

ထိုစဉ်က ဂေါ်ရီလာနှစ်ကောင်ဟာ အသက် ၂ လသားနဲ့ ၄ လသားအရွယ်တွေသာ ဖြစ်ကြတယ်လို့ Mburanumwe က ပြောပါတယ်။ ၎င်းတို့ကို တွေ့ရှိခဲ့ရပြီးနောက် Virunga အမျိုးသားဥယျာဉ်ရှိ Senkwekwe Sanctuary ဂေါ်ရီလာထိန်းသိမ်းရေးနေရာသို့ ခေါ်ဆောင်လာခဲ့ပြီး ထိုအချိန်ကတည်းက ထိန်းသိမ်းရေးနေရာမှာ နေထိုင်ကျက်စားပြီး ကြီးပြင်းလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

(Photo: Virunga National Park's Ranger/Facebook)

"သူတို့က သူတို့ကို ကယ်ဆယ်ခဲ့ကြတဲ့ တောခေါင်းတွေနဲ့အတူ ကြီးပြင်းလာခဲ့ကြတော့ လူတွေကို အတုခိုးနေကြတယ်လေ၊ ခြေထောက်နှစ်ချောင်းပေါ် မတ်တပ်ရပ်တာကအစ လူတွေအတိုင်း အတုခိုးကြတာပဲ၊ ဒီလို မြင်ရတာက အရမ်းအံ့သြစရာကောင်း ရယ်စရာလည်းကောင်းပါတယ်၊ ဂေါ်ရီလာတစ်ကောင်က ဘယ်လိုများ လူတစ်ယောက်ကို အတုခိုးနိုင်ပြီး မတ်တပ်ရပ်နေလဲဆိုတာ အရမ်း စပ်စုချင်စရာပါပဲ" လို့ Mburanumwe ပြောခဲ့ပါသေးတယ်။

ကွန်ဂိုမှာ ဂေါ်ရီလာမျောက်ဝံတွေ အပါအဝင် တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေး ဆောင်ရွက်နေကြတဲ့ တောခေါင်းတွေဟာ အန္တရာယ်ရှိတဲ့အလုပ်ကို လုပ်နေကြရသူတွေလည်း ဖြစ်ပါတယ်။ ယမန်နှစ်အတွင်း ဗီရွန်ဂါအမျိုးသားဥယျာဉ်မှာ တောခေါင်းငါးဦးဟာ သူပုန်အဖြစ် သံသယရှိရသူတွေ ချို့ခိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

(Photo: Virunga National Park's Ranger/Facebook)

၁၉၉၆ ခုနှစ်မှစပြီး ဗီရွန်ဂါအမျိုးသားဥယျာဉ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တောခေါင်း ၁၃၀ ကျော် အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းဒေသဟာ အစိုးရနဲ့ လက်နက်ကိုင်အုပ်စုတွေကြား တိုက်ပွဲများကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိ ဖြစ်နေပါတယ်။ လက်နက်ကိုင်အုပ်စုအချို့က အမျိုးသားဥယျာဉ်အတွင်း ခြေကုပ်ယူထားခဲ့ကြပြီး တောရိုင်းတိရိစ္ဆာန်တွေကို မကြာခဏ ခိုးသတ်လေ့ရှိကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က