နောက်ကျောကို ဓားနဲ့အထိုးခံရတဲ့ ခံစားချက်မျိုးကို လူတိုင်းလိုလို ခံစားဖူးတတ်ကြမယ်ထင်ပါတယ်။ တကယ်တော့ နောက်ကျော ဓားနဲ့ အထိုးခံရတယ်ဆိုတာမျိုးက ကိုယ့်ရဲ့ အနီးကပ်လူတွေ၊ ကိုယ်ယုံကြည်ရတဲ့သူတွေရဲ့ သစ္စာဖောက်တာကို ခံရတဲ့ ခံစားချက်မျိုးပါ။ ခံစားရမှ သိရတယ်ဆိုတာထက် မခံရခင်ကတည်းက ကိုယ်က ဒီလိုလူစားပါလားဆိုတာကို သတိထားခဲ့မိမယ်ဆိုရင် ကြိုတင်ရှောင်ရှားထားလို့ ရနိုင်ပါတယ်။ ဘယ်လိုလူစားတွေက နောက်ကျောကို ဓားနဲ့ ထိုးတတ်တဲ့ လူစားတွေလဲ။
ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးပြောတတ်သူတွေ
ကိုယ့်အနီးအနားက သူငယ်ချင်း မိတ်ဆွေ အသိုင်းအဝိုင်းတွေကြားမှာ ရှေ့တစ်မျိုး ၊ နောက်တစ်မျိုးပြောတတ်တဲ့သူတွေ ရှိခဲ့ရင် အဲဒီလူတွေကို သတိထားပါ၊ ကိုယ့်ကွယ်ရာမှာ ပြောနေတာ ကိုယ်က ဘယ်သိနိုင်မလဲလို့ စောဒကတက်စရာရှိပါတယ်။ ဒီလိုလူမျိုးတွေက ကိုယ့်ကိုမှ မဟုတ်ပါဘူး။ သူ့နားမှာ ရှိနေတဲ့ လူတိုင်းကို ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးပြောတတ်ကြတာပါ။ ဒါ့ကြောင့် ကိုယ့်ကို သူတပါးအကြောင်းတွေ သူတို့ရှေ့မှာ တစ်မျိုး သူတို့ကွယ်ရာမှာ တစ်မျိုး ပြောနေခဲ့ပြီဆိုရင်တော့ ကိုယ့်ရဲ့ အရေးကြီးကိစ္စတွေ၊ လျှိူ့ဝှက်ချက်တွေကို သူ့ကို လုံးဝမပြောမိစေဖို့ သတိထားပါ။
အမှားလုပ်မိမှာကို မတားကြတဲ့သူတွေ
တကယ် ကိုယ့်အပေါ်မှာ ကောင်းစေချင်တဲ့ သူငယ်ချင်းမိတ်ဆွေဆိုရင် ကိုယ် အမှားတစ်ခုခု လုပ်တော့မယ့်အချိန်မျိုးမှာ အမုန်းခံပြီး တားတတ်ကြပါတယ်။ ကိုယ့်နားမှာ ကိုယ်အမှားလုပ်မှာကို တားပေးတဲ့ သူငယ်ချင်းမိတ်ဆွေရှိတယ်ဆိုရင် ဂုဏ်ယူလိုက်ပါ။ ကိုယ့်အနားမှာ ချစ်တဲ့သူတွေ ရှိနေတယ်၊ ကိုယ့်ကို လမ်းမှား မရောက်စေချင်တဲ့သူတွေ ရှိနေတယ်ဆိုတာ ပျော်စရာပါ။ ကိုယ့်ကို သူငယ်ချင်းအရင်းကြီးသဖွယ်ပေါင်းနေပြီး ကိုယ်အမှားလုပ်မှာကို သိသိရက်နဲ့ မတားကြသူတွေက ကိုယ့်ကို လိုအပ်လာရင် နောက်ကျော ဓားနဲ့ထိုးဖို့လည်း ဝန်မလေးတတ်ကြပါဘူး။
ကိုယ်အမှားလုပ်မှာကို အားပေးအားမြှောက်ပြုသူတွေ
ကိုယ် အမှားလုပ်မှာကို တားတတ်ကြသူတွေထက် ပိုဆိုးတဲ့သူတွေကတော့ ကိုယ် အမှားလုပ်မှာကို အားပေးအားမြှောက်ပြုတတ်သူတွေပါ။ သူတို့တွေက တကယ်တော့ ကိုယ်တစ်ခုခုဖြစ်မှာ ၊ ဒုက္ခရောက်မှာကို စိတ်ထဲမှာ ကျိတ်ပျော်နေကြသူတွေပါ။ သူတို့ကိုယ်တိုင်တော့ အမှားတွေကို ရှောင်တတ်ကြပြီး ကိုယ့်ကို အမှားတွေ လုပ်မှာကို ရှေ့မှာတော့ အားပေးသယောင်ယောင်နဲ့ ကွယ်ရာဟာ ကိုယ့်ကို ကျိတ်ဟားနေတတ်ကြတဲ့သူတွေဟာ ကိုယ့်ကို အရေးကြုံလာတဲ့အခါ နောက်ကျောဓားနဲ့ထိုးတတ်ကြပါတယ်။ မယုံမရှိပါနဲ့။ ဒါ့ကြောင့် ကိုယ့်ကို အမှားလုပ်မှာ စိုးရိမ်တတ်တဲ့ ၊ ကိုယ်မှားသွားမှာကို အမုန်းခံတားတတ်တဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားတတ်ဖို့တော့ လိုပါတယ်။
ကိုယ့်ကို ဟာသတစ်ခုလို မြင်တဲ့သူတွေ
အပေါ်က လူတွေနဲ့ ပုံစံအနည်းငယ်ဆင်တဲ့သူတွေကတော့ ကိုယ့်ကို ဟာသတစ်ခုလို မြင်နေတဲ့သူတွေပါ။ ပြောရင်တော့ သူငယ်ချင်းပါပဲ။ ဒါပေမယ့် ကိုယ့်ကို ငပေါတစ်ကောင်လို ကျိတ်ဟား ကျိတ်ရယ် ရှေ့တင်ရော ကွယ်ရာမှာပါ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို မငဲ့ဘဲ ဟားတိုက်နေတတ်ကြသူတွေမို့ ကိုယ့်ကို သစ္စာဖောက်ဖို့အတွက်လည်း ငဲ့နေမယ့်သူတွေတော့ မဟုတ်ဘူး။
ကိုယ့်ရဲ့ အမှားတွေ၊ အားနည်းချက်တွေကို လျှောက်ပြောတတ်သူတွေ
ကိုယ့်ရဲ့ သူငယ်ချင်း မိတ်ဆွေသာ စစ်မှန်ရင် ကိုယ့်အားနည်းချက်တွေ ၊ အမှားတွေကို သူတပါးသိအောင် လိုက်လံမပြောဆိုတတ်ပါဘူး။ ကိုယ့်အတွက် အဆင်မပြေစေတဲ့ အကြောင်းအရာတွေကို လျှိူ့ဝှက်ပေးထားတတ်ပါသေးတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ့်အားနည်းချက်တွေကို လူတကာဆီ လျှောက်ပြောနေတဲ့သူတွေဆိုရင်တော့ ဝေးဝေးကနေ ရှောင်ကြဥ်ဖို့ သတိပေးပါရစေ။
ခုဖော်ပြပေးလိုက်တဲ့သူတွေကတော့ ကိုယ့်ကို တစ်ချိန်ချိန်မှာ နောက်ကျောကို ဓားနဲ့ထိုးမယ့်၊ ကိုယ့်ကို ချောက်ကျအောင် ချောက်တွန်းတတ်တဲ့ လူတွေရဲ့ ပုံစံပါ။ ဒါတွေကို သိနေပြီဆိုရင်တော့ အခေါ်အပြောမပြတ်နေချင်တယ်ဆိုရင်တောင် ကိုယ့်ရဲ့ စိတ်ကို သူတို့ဆီ တအားမနှစ်ထားဘဲ ကိုယ့်ကိုယ်ကိုယ် မထိခိုက်မနစ်နာစေရအောင် ကိုယ့်ရဲ့ လျှိူ့ဝှက်ချက်တွေ ၊ အားနည်းချက်တွေ ၊ မပြောသင့်တဲ့ အကြောင်းအရာတွေကို မပြောမိစေဖို့ သတိထားပေါင်းသင်းဆက်ဆံသင့်ပါတယ်။