ပေါင်သန်း ၃၀၀ နဲ့ လက်လွှဲဝယ်ယူဖို့နီးစပ်နေပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ ဘောလုံးပွဲတွေကို ရပ်ဆိုင်းထားခဲ့ရလို့ ပရိသတ်တွေအတွက် ပျင်းရိစရာနေ့ရက်တွေကို ဖြတ်သန်းနေခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ်လောက်ကစပြီး ပရိသတ်တွေကို ပျင်းရိခြင်းကနေ လှုပ်နိုးခဲ့တဲ့သတင်းတစ်ပုဒ်ကရှိလာခဲ့ပါတယ်။ အဲဒါကတော့ နယူးကာဆယ်အသင်းကို ဆော်ဒီမင်းသားဘင်ဆယ်လ်မန်က ဝယ်ယူဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းပါပဲ။ အသင်းတစ်သင်းကို သူဌေးတစ်ဦးက ဝယ်ယူတာက သိပ်တော့မထူးဆန်းပေမယ့် ဘင်ဆယ်လ်မန်ရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ယူနိုက်တက်ကို ဝယ်ယူဖို့ကြိုးစားခဲ့တာ မအောင်မြင်ခဲ့လို့ နယူးကာဆယ်ကို ဝယ်ယူဖို့ပြင်ဆင်ခဲ့တာတွေကြောင့် စိတ်ဝင်စားစရာကောင်းခဲ့တာပါ။ 

ဒါက ချယ်လ်ဆီးကို ရုရှသူဌေးအေဘရာမိုဗစ်က ဝယ်ယူခဲ့တာ၊ မန်စီးတီးကို ရှိတ်မန်ဆာက ဝယ်ယူခဲ့စဉ်တုန်းကထက် ပိုပြီးတော့လည်း စိတ်ဝင်စားစရာပါ။ ဘာလို့လဲဆိုရရင် ဘင်ဆယ်လ်မန်ဟာ ပေါင် ၂၆၀ ဘီလီယံလောက်ကြွယ်ဝချမ်းသာသူဖြစ်နေလို့ပါပဲ။ လက်ရှိမန်စီးတီးပိုင်ရှင်ရှိတ်မန်ဆာရဲ့ကြွယ်ဝမှုက ဘင်ဆယ်လ်မန်ရဲ့ အစွန်းထွက်တောင်မရှိသလို အေဘရာမိုဗစ်ကလည်း ၁၀ ဘီလီယံလောက်သာ ပိုင်ဆိုင်ထားလို့ အဆပေါင်းများစွာကွာဟနေတာကြောင့်လည်းဖြစ်ပါတယ်။ ဘင်ဆယ်လ်မန်သာ ဝယ်ယူဖြစ်ခဲ့မယ်ဆိုရင် နယူးကာဆယ်အသင်းက ပရီးမီးယားလိဂ်မှာ အချမ်းသာအကြွယ်ဝဆုံးအသင်းပိုင်ရှင်တစ်ဦးကို ပိုင်ဆိုင်မှာလည်းဖြစ်ပါတယ်။ 

ဆော်ဒီမင်းသားတစ်ပါးဖြစ်လို့ နိုင်ငံတွင်းမှာလည်း သြဇာကြီးမားပြီး စီးပွားရေးအရလည်း တောင့်တင်းတာကြောင့် နယူးကာဆယ်ပရိသတ်တွေကတော့ သူတို့ရဲ့အသင်းပိုင်ရှင်သစ်ဖြစ်လာစေဖို့ ဆန္ဒရှိနေကြပါတယ်။ လက်ရှိအသင်းပိုင်ရှင်မိုက်အက်ရှ်လေရဲ့ စီမံခန့်ခွဲမှုတွေကို ပရိသတ်တွေက မကျေမနပ်ဖြစ်နေတာ တော်တော်ကြာပါပြီ။ မကြာခဏဆိုသလို ကွင်းတွင်းကွင်းပြင်မှာ မိုက်အက်ရှ်လေအသင်းကထွက်သွားဖို့ ဆန္ဒပြလေ့ရှိနေကြပြီး ဘင်ဆယ်လ်မန်ဝယ်ယူမယ့်အပေါ်မှာ အားရဝမ်းသာနဲ့ ကြိုဆိုနေကြတာပါ။ အခုဆိုရင် ဘင်ဆယ်လ်မန်က မိုက်အက်ရှ်လေကို စရန်ငွေတောင်ပေးပြီးပြီ ကြားပါတယ်။ အသေးစိတ်ဆွေးနွေးမှုတွေအပြီးမှာ ငှက်ကျားတွေလို့ နာမည်ကျော်ခဲ့တဲ့ နယူးကာဆယ်ကို သူက အလုံးစုံထိန်းချုပ်ပြီး လက်လွှဲရယူနိုင်တော့မှာပါ။ 

ဘင်ဆယ်လ်မန်က အသက် ၃၄နှစ်အရွယ်သာရှိသေးပြီး အနာဂတ်ဆော်ဒီဘုရင်လောင်းလျာပါ။ ဆော်ဒီတော်ဝင်မိသားစုရဲ့ ကြွယ်ဝမှုအားလုံးကိုထိန်းချုပ်ထားသူဖြစ်ပြီး ခန့်မှန်းချေအားဖြင့် စုစုပေါင်း ဒေါ်လာ ၁.၄ ထရီလီယံရှိတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ကမ္ဘာ့တန်ဖိုးအမြင့်မားဆုံး Saudi Aramco ကုမ္ပဏီလည်းပါဝင်နေတာပါ။ အဆိုပါကုမ္ပဏီက သဘာဝဓာတ်ငွေ့နဲ့ ရေနံကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံးကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ဘင်ဆယ်လ်မန်ဆီမှာ ဒေါ်လာသန်း ၅ဝဝတန် ဇိမ်ခံရွက်လှေတစ်စီးရှိပြီးတော့ ပြင်သစ်မှာ ဒေါ်လာသန်း ၃ဝဝတန် ရဲတိုက်တစ်ခု၊ ဒေါ်လာသန်း ၄၅ဝတန် လီယိုနာဒိုဒါဗင်ချီရဲ့ ပန်းချီကားတစ်ချပ်လည်း ရှိပါသေးတယ်။ ဒါက သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲက ထဲထဲဝင်ဝင်သိထားရတဲ့ ပိုင်ဆိုင်မှုအချို့ပဲရှိပါသေးတယ်။ 

ဒီတော့ကာငွေကြေးကြွယ်ဝတဲ့အသင်းပိုင်ရှင်ရောက်လာပြီဆိုရင် ပရိသတ်တွေကတော့ ထုံးစံအတိုင်း သူတို့ရဲ့အသင်းကို နာမည်ကျော်ကစားသမားတွေ ရောက်ရှိလာဖို့ စိတ်ကူးယဉ်နေပါပြီ။ ဒီအတွက် နယူးကာဆယ်ပရိသတ်တွေကလည်း ပေသီးခေါက်၊ မေးစေ့ပွတ်ပြီး စိတ်ကူးယဉ်နေတာ အဆန်းတော့မဟုတ်ပါဘူး။ ဟယ်ရီကိန်း၊ ဘာပေတို့လို နာမည်ကျော်တိုက်စစ်မှူးတွေကိုပါ သူတို့က မျှော်လင့်နေပါပြီ။ ဘင်ဆယ်လ်မန်သာ ပိုင်ရှင်သစ်ဖြစ်လာမယ်ဆိုရင် ဒါတွေက မဖြစ်နိုင်စရာမရှိပါဘူး။ ငွေလမ်းခင်းပြီးလျှောက်မှ အပေါ်ရောက်မယ့် ဘောလုံးကမ္ဘာမှာ ဘင်ဆယ်လ်မန်ရဲ့ ငွေစက္ကူတွေသာ ပလူပျံနေခဲ့မယ်ဆိုရင် ကြိုက်တဲ့ကစားသမားကို လက်ညိုးထိုးခေါ်ယူနိုင်မှာသေချာပါတယ်။ ဒီလိုပုံစံတွေကို ချယ်လ်ဆီးနဲ့ မန်စီးတီးတို့က လုပ်ပြခဲ့ပြီးပါပြီ။

ဒါပေမယ့် တချို့ကတော့ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ အပြောင်းအရွှေ့တွေအပေါ်မှာ သုံးသပ်မှုတွေပြုလုပ်ခဲ့ပြီး နယူးကာဆယ်အနေနဲ့ ပြည်ပကလပ်က ကစားသမားတွေကို မခေါ်ယူဖို့ သတိပေးခဲ့ပါတယ်။ ၂၀၀၃ မှာ အေဘရာမိုဗစ်က ချယ်လ်ဆီးကို ဝယ်ယူခဲ့ပြီးနောက် မူတူး၊ ခရက်စ်ပိုအစရှိတဲ့ နာမည်ကျော်တိုက်စစ်မှူးတွေကို ပရီးမီးယားလိဂ်ပြင်က ဝယ်ယူခဲ့ပါတယ်။ သူဝယ်ယူခဲ့တဲ့ ကစားသမားအများစုက အသင်းမှာမအောင်မြင်ခဲ့ပါဘူး။ ဒီလိုပဲ မန်စီးတီးကလည်း ရော်ဘင်ဟိုလို ကစားသမားကို ခေါ်ယူခဲ့ပေမယ့် ကျရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဆီက ဝယ်ယူခဲ့တဲ့ ကစားသမားတွေကတော့ အဲဒီအသင်းတွေမှာ အောင်မြင်ခဲ့ကြပါတယ်။ ဂလင်းဂျွန်ဆင်၊ ဂျိုကိုးလ်၊ ၀ိန်းဘရစ်ချ်၊ ဒါမိန်းဒပ်၊ ဗီရွန်၊ စကော့ပါကားတို့က ချယ်လ်ဆီးမှာ အခြားကစားသမားတွေထက် ပိုအောင်မြင်ခဲ့ပါတယ်။ မန်စီးတီးကို ၂၀၀၈ မှာ QSI က လွှမ်းမိုးခဲ့ပြီးနောက် ဘယ်လာမီ၊ ရှေးဂစ်ဗင်၊ ဂါရတ်ဘယ်ရီ၊ ဆန်တာခရုဇ်၊ တီဗက်ဇ်၊ အဒီဘာယော၊ တိုရေး၊ လက်စ်ကော့၊ အဒမ်ဂျွန်ဆင်တို့ကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဆီက ခေါ်ယူခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့လို့ နယူးကာဆယ်အနေနဲ့ ပြည်ပကလပ်တွေကထက် ပြည်တွင်းပြိုင်ဘက်တွေဆီက ကစားသမားတွေကိုသာ ကြိုးစားသင့်တယ်လို့ ဆိုနေကြတာပါ။ 

နယူးကာဆယ်က ပရီးမီးယားလိဂ်မှာ ဇသေးတဲ့အသင်းတော့မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်စတင်ကတည်းက ကစားခဲ့တဲ့အသင်းဖြစ်ပြီး အင်္ဂလန်ရဲ့သက်တမ်းအကြာဆုံးအသင်းတွေထဲကတစ်သင်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့တွေ လက်လှမ်းမီသိရှိရတဲ့အချိန်က ဆာဘော်ဘီရော့ဘ်ဆင်ခေတ်ကပါ။ အဲဒီခေတ်ကတည်းက သူတို့က ပရီးမီးယားလိဂ်မှာ အလေးစားခံအသင်းဖြစ်နေခဲ့ပြီးသားပါ။ နောက်ပိုင်းကာလတွေမှာ ကျဆင်းမှုတွေရှိလာခဲ့ပြီး ချန်ပီယံရှစ်ထိတန်းဆင်းခဲ့ရပေမယ့် နောက်တစ်နှစ်မှာ ချက်ချင်းပဲ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာခဲ့ပါတယ်။ အလန်ရှီးယား၊ ရှေးဂစ်ဗင်၊ ဘယ်လာမီ၊ ဒိုင်ယာ၊ ဗီဒူကာ၊ ဝုဒ်ဂိတ်တို့လို နာမည်ကျော်ကစားသမားတွေလည်း ကစားခဲ့ဖူးပါတယ်။ ၁၉၉၅-၉၆ ဘောလုံးရာသီက ပရီးမီးယားလိဂ်ဖလားကို ရလုနီးပါးအထိဖြစ်ခဲ့တဲ့အသင်းပါ။ ရမှတ်အပြတ်အသတ်နဲ့ ဦးဆောင်နေခဲ့ပြီးမှ ယူနို်က်တက်ရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရတာပါ။ အသင်းရဲ့စီမံခန့်ခွဲမှုအမှားတွေကြားမှာ နိမ့်ပါးခဲ့ပြီးနောက် ပရိသတ်တွေအတွက် ကယ်တင်ရှင်အဖြစ် ဘင်ဆယ်လ်မန်က ရှိလာခဲ့ပါပြီ။ 

ဘင်ဆယ်လ်မန်က မန်ချက်စတာယူနိုက်တက်ကို ပေါင် ၃ ဘီလီယံနဲ့ ဝယ်ဖို့ကြိုးစားခဲ့ပေမယ့် ဂလေဇာမိသားစုက ငြင်းဆန်ခဲ့ပါတယ်။ ဒီအတွက် ဘင်ဆယ်လ်မန်က နယူးကာဆယ်ကို မြှားဦးလှည့်သွားခဲ့တာပါ။ အားကစားလောကအတွင်းမှာပါ သူ့ရဲ့သြဇာအာဏာဖြန့်ကျက်ဖို့ ဘင်ဆယ်လ်မန်က ရည်ရွယ်သလို နာမည်ကျော်အသင်းတစ်သင်းကို ပိုင်ဆိုင်ဖို့ အိပ်မက်ကိုလည်း အကောင်အထည်ဖော်လာခဲ့တာပါ။ ဒီအတွက် နယူးကာဆယ်ကို သူ ရွေးချယ်ခဲ့ပါတယ်။ အစဉ်အလာနဲ့ သမိုင်းကြောင်းကြီးမားတဲ့အသင်း၊ ပရိသတ်အခိုင်အမာရှိပြီးသားအသင်းဖြစ်သလို နည်းမှန်လမ်းမှန်နဲ့ ပြင်ဆင်နိုင်ရင် တိုးတက်လာမယ့်အသင်းလို့ သူကယုံကြည်နေပုံပါပဲ။ တစ်ဖက်မှာလည်း ပရိသတ်တွေက သူ့ကိုလက်ကမ်းကြိုလင့်နေပါပြီ။ ဒီပေါင်းစည်းမှုက ပရီးမီးယားလိဂ်မှာ နောက်ထပ် ငွေလှိုင်းတံပိုးတွေကြားကနေ တိုးထွက်လာမယ့် အသင်းတစ်သင်းပေါ်လာဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ငှက်ကျားတွေအတွက်လည်း နှစ်ပေါင်းများစွာကြာမြင့်အပြီးမှာ နောက်ထပ်တစ်ကြိမ်အမြင့်ပျံနိုင်ဖို့ အတောင်အလက်စုံချိန်ကို ရောက်လာပြီလားဆိုတာ......။ 

Share

Loading Next Article...
က္က