ဆယ်မိုနဲလား ဘက်တီးရီးယားကို ၁၈၈၅ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။

တိရိစ္ဆာန်များနဲ့ ထိတွေ့ခြင်း၊ ၎င်းတို့ရဲ့အသားကို စားခြင်းတို့မှ ယေဘူယျအားဖြင့် လူတွေကို ကူးစက်နိုင်တဲ့ ဆယ်မိုနဲလား (Salmonella) ဘက်တီးရီးယားအကြောင်း သိထားသင့်တဲ့ အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

ဆယ်မိုနဲလားဆိုတာ ဘာလဲ?

ဆယ်မိုနဲလားဟာ လူတွေကို ဝမ်းပျက်ဝမ်းလျှော အပါအဝင် နာမကျန်းဖြစ်စေတဲ့ ဘက်တီးရီးယားပိုး ဖြစ်ပါတယ်။ ဆယ်မိုနဲလားပိုးကို ၁၈၈၅ ခုနှစ်မှာ အမေရိကန်သိပ္ပံပညာရှင် ဒေါက်တာ ဒန်နီရယ်အီးဆယ်မွန်က ပထမဆုံး စတင်တွေ့ရှိခဲ့ပါတယ်။

ဆယ်မိုနဲလား ကူးစက်ခံရတဲ့ လက္ခဏာတွေက ဘာတွေလဲ?

ဆယ်မိုနဲလား ဘက်တီးရီးယား ကူးစက်ခံရသူအများစုဟာ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ကိုယ်ပူခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ ခံစားရပါတယ်။ ထိုရောဂါလက္ခဏာတွေဟာ ပုံမှန်အားဖြင့် ဆယ်မိုနဲလား ကူးစက်ခံရပြီးနောက် ခြောက်နာရီမှ ခြောက်ရက်အကြာမှာ ဖြစ်ပေါ်လေ့ရှိကာ လေးနာရီမှာ ခုနစ်ရက်အထိ ကြာမြင့်လေ့ရှိပါတယ်။

သို့သော် အချို့လူတွေမှာတော့ ရက်သတ္တပတ်အတန်ကြာအထိ ရောဂါလက္ခဏာ မပေါ်တတ်ပါဘူး။ ရောဂါလက္ခဏာကို ရက်သတ္တပတ်အတန်ကြာ ခံစားရမှုတွေလည်း ရှိပါတယ်။ ဆယ်မိုနဲလားပိုးဟာ တစ်ခါတရံ ဆီး၊ သွေး၊ အရိုးအဆစ် သို့မဟုတ် အာရုံကြောစနစ်မှာပါ ကူးစက်တတ်ပြီး ရောဂါပြင်းထန်စွာဖြစ်စေပါတယ်။

(Photo: Wikipedia)

ဆယ်မိုနဲလား ကူးစက်ခံရကြောင်း ဘယ်လိုသိနိုင်လဲ?

ဆယ်မိုနဲလားပိုး ကူးစက်ခံရမှုကို လူတစ်ဦးရဲ့ မစင်၊ အသားစ သို့မဟုတ် ခန္ဓာကိုယ်မှထွက်တဲ့ အရည်တို့ကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီး သိရှိနိုင်ပါတယ်။

ဆယ်မိုနဲလား ကူးစက်ခံရရင် ဘယ်လိုကုသမလဲ?

အောက်ဖော်ပြပါ အခြေအနေများအတွက် ပဋိဇီဝဆေးဖြင့် ကုသရန်ထောက်ခံထားပါတယ်။

  • အပြင်းအထန်း ဖျားနာနေသူများ
  • HIV ပိုးရှိသူကဲ့သို့ ကိုယ်ခံအားစနစ် အားနည်းနေသူများ သို့မဟုတ် ဓာတုကုထုံးခံယူနေရသူများ
  • နှလုံးရောဂါကဲ့သို့ ကျန်းမာရေးပြဿနာရှိတဲ့ အသက် ၅၀ ကျော်အရွယ်များ
  • နို့စို့အရွယ်ကလေးများ (အသက် ၁၂ လအောက်အရွယ်များ)
  • ၆၅ နှစ်နဲ့အထက် အသက်အရွယ်ရှိသူများ

ဆယ်မိုနဲလား ကူးစက်ခံရပါက ရေရှည်ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သလား?

ဆယ်မိုနဲလားပိုး ကူးစက်ခံရမှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်သူ အများစုဟာ အပြည့်အဝ ပြန်လည်ကောင်းမွန်လေ့ရှိပေမဲ့ အချို့ကတော့ အလေးစွန့်မှု အလေ့အထ (အကြိမ်ရေနဲ့ ဝမ်းအပျော့အမာ) လအနည်းငယ်ကြာအထိ ပုံမှန်ပြန်မဖြစ်တတ်ပါဘူး။ ဆယ်မိုနဲလား ကူးစက်ခံရသူအချို့မှာတော့ reactive arthritis ခေါ် အဆစ်အမြစ် နာကျင်မှုကို ပိုးကူးစက်မှုပြီးဆုံးသွားချိန်နောက်ပိုင်း ခံစားရတတ်ပါတယ်။ ထိုသို့ အဆစ်အမြစ် နာကျင်မှုဟာ လအတန်ကြာ သို့မဟုတ် နှစ်နဲ့ချီ ကြာမြင့်တတ်ပြီး ကုသရန်ခက်ခဲပါတယ်။ reactive arthritis ဖြစ်သူအချို့မှာတော့ ဆီးသွားချိန်မှာ မျက်လုံးကျိန်းစပ် နာကျင်မှုကို ခံစားရတတ်ပါတယ်။

(Photo: Wikipedia)

ဆယ်မိုနဲလားပိုး လူတွေကို ဘယ်လို ကူးစက်သလဲ?

ဆယ်မိုနဲလား ဘက်တီးရီးယားဟာ လူနဲ့တိရိစ္ဆာန်တွေရဲ့ အူထဲမှာ ရှင်သန်နေနိုင်ပါတယ်။ လူတွေကို ဆယ်မိုနဲလား ဘက်တီးရီးယား ကူးစက်နိုင်တဲ့ အခြေအနေအမျိုးမျိုး ရှိပြီး အောက်ပါတို့ အပါအဝင် ဖြစ်ပါတယ်။

  • ဆယ်မိုနဲလား ပါရှိနေတဲ့ အစားအစာကို စားမိခြင်း၊ သို့မဟုတ် ဆယ်မိုနဲလား ပါရှိနေတဲ့ရေကို သောက်မိခြင်း
  • ဆယ်မိုနဲလား ဘက်တီးရီးယား ကူးစက်ခံထားရတဲ့ တိရိစ္ဆာန်များ၊ ၎င်းတို့ရဲ့ မစင်များ သို့မဟုတ် ၎င်းတို့ရှိရာ ပတ်ဝန်းကျင်နဲ့ထိတွေ့မိခြင်း

ဘယ်သူတွေကို ပိုကူးစက်နိုင်ပြီး နာမကျန်းဖြစ်နိုင်သလဲ?

  • အသက် ၅ နှစ်အောက်အရွယ် ကလေးငယ်တွေမှာ ဆယ်မိုနဲလား ဘက်တီးရီးယား အများဆုံးကူးစက်နိုင်ပါတယ်
  • မိခင်နို့မတိုက်တဲ့ အသက် ၁၂ လအောက် နို့စို့အရွယ် ကလေးငယ်များ
  • နို့စို့အရွယ်ကလေးများ၊ အသက် ၆၅ နှစ်နဲ့အထက် လူကြီးများ၊ ကိုယ်ခံအားစနစ် အားနည်းနေသူများ
  • ဆေးသောက်နေရသူများ (ဥပမာ - အစာခြေရည်လျော့နည်းစေတဲ့ ဆေးဝါးများ)

ဆယ်မိုနဲလား ကူးစက်မှုကို ဘယ်လို ကာကွယ်နိုင်လဲ?

  • အိမ်မွေးတိရိစ္ဆာန်နဲ့ အခြား တိရိစ္ဆာန်များ သို့မဟုတ် ၎င်းတို့နဲ့ ထိတွေ့မှုရှိတဲ့ အစားအစာ၊ ရေ၊ မစင် သို့မဟုတ် ၎င်းတို့ရဲ့နေရာများကို ထိတွေ့ပြီးပါက လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာစွာ ဆေးကြောပါ
  • တိရိစ္ဆာန်တွေနဲ့ ထိတွေ့ပြီးပါက လက်ကို ပါးစပ်ထဲမထည့်မိပါစေနဲ့။ တိရိစ္ဆာန်တွေနဲ့ ထိတွေ့ထားတဲ့ အခြား အရာဝတ္ထုတွေကိုလည်း ပါးစပ်ထဲ မထည့်ပါနဲ့
  • ကြောင်၊ ခွေး၊ ကြက်၊ လိပ် သို့မဟုတ် အခြား အိမ်မွေးတိရိစ္ဆာန် သို့မဟုတ် တိရိစ္ဆာန်တွေကို မနမ်းပါနဲ့
  • အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ခံအားနည်းသူတွေ သို့မဟုတ် အသက်အရွယ်ကြီးသူတွေကို ကြက်၊ ဘဲ၊ လိပ်၊ ဖား အစရှိတဲ့ ဆယ်မိုနဲလား ဘက်တီးရီးယား အန္တရာယ်ရှိတဲ့ တိရိစ္ဆာန်တွေနဲ့ မထိတွေ့ပါစေနဲ့
  • ဆယ်မိုနဲလား ဘက်တီးရီးယား ပါရှိနိုင်ခြေများတဲ့ တိရိစ္ဆာန်အသားကိုစားခြင်းနဲ့ ၎င်းတို့ ကျက်စားသွားလာတဲ့ နေရာများမှ ရေကိုသောက်ခြင်း ရှောင်ကြဥ်ပါ
  • ကောင်းစွာချက်ပြုတ်မထားတဲ့ အသားတွေ၊ ဥတွေကို မစားပါနဲ့
  • အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အိပ်ရာ၊ လှောင်အိမ် အစရှိတာတွေကို သန့်ရှင်းရေးလုပ်ပါ

Source: Centers for Disease Control and Prevention of United States, WebMd, Wikipedia


ဆက်စပ်အကြောင်းအရာများ

Share

က္က